မြောက်ဦးဆေးရုံ ဗုံးကြဲမှုကို လူမျိုးရေးမုန်းတီးမှုအသွင် စစ်ကော်မရှင်လမ်းလွှဲနေဟု တော်လှန်အင်အားစု သတိပေး

ဓာတ်ပုံ- Wai Hun Aung
ပုံစာ- မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု မြင်ကွင်း

ရခိုင်ပြည်နယ်၊မြောက်ဦးပြည်သူ့ဆေးရုံ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုကို စစ်ကော်မရှင်က လူမျိုးရေး မုန်းတီးမှုအဖြစ် လှုံ့ဆော်လမ်းလွှဲနေခြင်းအား သတိပြုကြရန် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာ၁၆ရက်က ‘တော်လှန်သွေးချင်းများ၏ သန္နိဌာန်ပြုချက်’ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူများအား သတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇဝတ် မှုဖြစ်ကြောင်း ဖော်ပြထားသည်။

“ဆေးရုံကို ဆေးရုံမှန်းသိလျက်နဲ့ ဗုံးကြဲတယ်။ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်လာတဲ့ အခါကျတော့ ဆေးရုံကို AA က စစ်စခန်းအနေနဲ့ အခြေစိုက်နေလို့ ဗုံးကြဲတာဆိုပြီး စစ်ကော်မရှင် က ထုတ်ပြန်တယ်။အဲလိုထုတ်ပြန်ပြီးတော့ AA က ဗုံးထိမှန်သေဆုံးဒဏ်ရာရတဲ့လူစာရင်းကို အတိအကျ ကိုယ်ရေးအကျဉ်းနဲ့ပါ ထုတ်ပြန်ပြလိုက်တော့ အခြေအနေမဟန်တော့ ဗိုလ်ချုပ်တွေရဲ့ နောက်ဆုံး နည်းပေါ့။လူမျိုးရေးအသွင်ပြောင်းဖို့ လုပ်လာတာပဲ။ပြည်သူတွေ ပါးနပ်ကြပါတယ်”ဟု မုံရွာအခြေ စိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ကျွန်ုပ်တို့အားလုံးသည် စစ်ရာဇဝတ်မှု ကျူးလွန်တရားခံ စစ်ခေါင်းဆောင်များအား တညီတညွတ် တည်း တော်လှန်နေကြသူ သွေးချင်းများဖြစ်၍ မည်သူထိခိုက်နစ်နာသည်ဖြစ်စေ အတူခံစားနာကျင် ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြရန် သံန္နိဌာန်ပြုသည်ဟုလည်း ဆိုသည်။

ယင်းသံန္နိဌာန်ပြုချက်ကို ကိုမင်းကိုနိုင်၊ ဒါရိုက်တာကိုပေါက်၊ မရွှေမိုး(ကိုရီးယား)စသည့် ထင်ရှားသည့် ပုဂ္ဂိုလ်များနှင့် ပြည်တွင်း၊ပြည်ပ အခြေစိုက် တော်လှန်ရေးအဖွဲ့ စုစုပေါင်း၄၅ခုတို့ စုစည်းထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

မြောက်ဦးဆေးရုံကြီးကို ဒီဇင်ဘာ၁၀ရက်တွင် စစ်တပ်က ပေါင်၅၀၀ဗုံး၂လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ၃ လသားအရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၃၃ ဦး သေဆုံး ပြီး ၇၇ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ယင်းဗုံးကြဲသတ်ဖြတ်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းကသာမက အာဆီယံကပါ ပြင်းထန်စွာ ရှုတ် ချ ခဲ့သော်လည်း မြောက်ဦးဆေးရုံတွင် AA နှင့် တော်လှန်ရေးတပ်များ စစ်စခန်းအဖြစ် သုံးနေသောကြောင့် ဗုံးကြဲခဲ့ ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က လိမ်ညာဝါဒဖြန့် ထုတ်ပြန်ကာ ရခိုင် ဒေသအတွင်း အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ကျူး လွန်လျက်ရှိသည်။