စစ်ကောင်မရှင်၏ ဒုတိယခေါင်းဆောင် စိုးဝင်းသည် မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များကို တွေ့ဆုံစဉ် လာမည့် အတုအယောင်ရွေးကောက်ပွဲတွင် ၎င်းတို့၏ လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရရှိရေးအတွက် ဗြောင်ကျကျ မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
၎င်းက ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုကြောင့် အာဏာသိမ်းခဲ့ရသည်ဟု အမြဲတမ်း ‘ဓာတ်ပြားဟောင်း’ ဖွင့်၍ အကြောင်းပြခဲ့ပြီး ယခုတစ်ခါတွင်မူ တပ်မတော်က ဦးဆောင်ကျင်းပမည်ဖြစ်ရာ မဲမသမာမှု လုံးဝလုပ်၍မရသည့် “မြန်မာအီလက်ထရောနစ်မဲပေးစက်” (MEVM) များကို အသုံးပြုမည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။
သို့သော်လည်း မဲစာရင်းစစ်ဆေးခြင်းမှသည် မဲစက်ထုတ်လုပ်ခြင်းနှင့် ရွေးကောက်ပွဲကော်မရှင်အထိ စစ်တပ်ကသာ တစ်ဦးတည်း ချုပ်ကိုင်ထားခြင်းကြောင့် ယင်းစက်မှာ မဲပေးရန်ထက် စစ်တပ်လိုချင်သည့် အဖြေကို ထုတ်ပေးမည့် “အဖြေထုတ်စက်” သာ ဖြစ်သည်ဟု ဝေဖန်လှောင်ပြောင်မှုများ ထွက်ပေါ်နေသည်။
” စက္ကူမဲလက်မှတ်တွေနဲ့ဆိုရင် မဲခိုးဖို့ ဒါမှမဟုတ် မဲစာရင်းလိမ်ဖို့က လူအများကြီး သိသွားနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင် နည်းပညာ ထိန်းချုပ်ထားတဲ့ မဲစက်တွေနဲ့ဆိုရင်တော့ ကွန်ပျူတာထဲမှာတင် ရလဒ်ကို စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲဖို့ ပိုလွယ်ကူသွားပါတယ်။ ဒါကြောင့် မဲမသမာမှုလုပ်လို့မရဘူးလို့ အကြိမ်ကြိမ် ပြောနေတာဟာ တကယ်တော့ “ငါတို့ စိတ်ကြိုက်ခြယ်လှယ်လို့ရအောင် လုပ်ထားပြီးပြီ” လို့ သွယ်ဝိုက်ပြောဆိုနေတာပဲ ဖြစ်ပါတယ် ” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
ထို့ပြင် ဒု-ချုပ် စိုးဝင်းက မဲပေးမည့် ကိုယ်စားလှယ်လောင်းများသည် “တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲနိုင်သူ”၊ “ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းသူ” နှင့် “လုံခြုံရေး၊ အုပ်ချုပ်ရေးအမြင်ရှိသူ” ဖြစ်ရမည်ဟု ပြောကြားခဲ့ပြီး ၎င်းအချက်မှာ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များကိုသာ မဲပေးရန် အမိန့်ပေးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
“ဒီမိုကရေစီဆိုပြီး နှုတ်က ပြောနေပေမယ့် ဘယ်သူကို မဲပေးသင့်တယ်ဆိုပြီး ပြောတာက စစ်တပ်က ဘောင်ခတ်လိုက်တာပဲဖြစ်တယ်။ ဒါက ကမ္ဘာ့အကြီးဆုံး ပြက်လုံး တစ်ခုဖြစ်နေပြီ၊ တပ်နဲ့ စိတ်တူကိုယ်တူဆိုတဲ့ စကားလုံးက စစ်တပ်ခိုင်းသမျှ လုပ်မယ့် လက်ဝေခံတွေကို ဆိုလိုတာပဲလေ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ထို့ပြင် ဒုချုပ် စိုးဝင်းက မဲစာရင်းများအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးပြီးပြီဟု ဆိုနေသော်လည်း လက်တွေ့တွင် စစ်ဘေးရှောင်နေရသူများနှင့် သေဆုံးသူများ၏ အချက်အလက်များမှာ ဖောင်းပွနေဆဲဖြစ်ရာ လူမရှိသည့် အိမ်များကိုပင် တက်စစ်နိုင်ခြင်းမှာ စစ်တပ်၏ စူပါပါဝါပင် ဖြစ်ရမည်ဟု ပြည်သူများက လှောင်ပြောင်မှုများပြုလုပ်လျက်ရှိသည်။
“လက်ရှိ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် မြို့နယ်ပေါင်းများစွာဟာ စစ်တပ်လက်အောက်မှာ မရှိတော့ပါဘူး။ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာလည်း စစ်ဘေးရှောင်နေရပြီး အိမ်တွေကို စွန့်ခွာထားရတာပါ။ ဒီလိုအခြေအနေမှာ “တစ်အိမ်တက်ဆင်း စစ်ဆေးပြီးပြီ” လို့ ပြောတာဟာ မြေပြင်က တကယ့်အခြေအနေမှန်ကို လုံးဝဖုံးကွယ်ပြီး “စာအုပ်ကြီးအတိုင်း လိမ်ညာနေတာ” ပဲ ဖြစ်ပါတယ်။ အိမ်မရှိတော့တဲ့သူတွေ၊ အိမ်မှာမနေရတဲ့သူတွေကို ဘယ်လိုမျိုး တစ်အိမ်တက်ဆင်း စစ်ခဲ့တာလဲဆိုတာက အတော်လေးကို ရယ်စရာကောင်းနေပါတယ်” ဟု ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာမှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် ၎င်းက ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရန်အတွက် တပ်မတော်၊ ရဲနှင့် “အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့” များပါ အသုံးပြု၍ မဲရုံများကို စောင့်ကြပ်မည်ဟု ပြောဆိုခြင်းမှာ စိတ်အေးရစေရန်ထက် သေနတ်ပြခြိမ်းခြောက်၍ ကြံ့ဖွံ့ပါတီကို မဲအတင်းထည့်ခိုင်းမည့် “စစ်တပ်ပုံစံ ရွေးကောက်ပွဲ” ဖြစ်လာမည်ကို ပြည်သူများက ထောက်ပြကြသည်။
“စစ်တပ်ရဲ့ လက်ဝေခံ ကြံ့ခိုင်ရေးပါတီ (USDP) ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ အခုတစ်ခါမှာတော့ “စစ်တပ်က ဦးဆောင်ကျင်းပမှာဖြစ်သလို၊ ငါတို့ကိုယ်တိုင်လုပ်တဲ့ မဲစက်တွေကို သုံးမှာမို့လို့ မင်းတို့ လုံးဝမရှုံးစေရဘူး” ဆိုတဲ့ အာမခံချက်မျိုးကို ကြံ့ဖွံ့ပါတီနဲ့ စစ်ဗိုလ်ဟောင်းတွေကို ပေးချင်တာလည်း ပါပါတယ် ” ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ဒုချုပ် စိုးဝင်း၏ ပြောကြားချက်များသည် တရားမျှတသည့် ရွေးကောက်ပွဲမဟုတ်ဘဲ စစ်တပ် အမြဲတမ်း အာဏာချုပ်ကိုင်ထားနိုင်မည့် အရပ်သားအစိုးရအတု တစ်ခုကို တရားဝင်ဖြစ်ရန် ဖန်တီးကြိုတင်ပြင်ဆင်နေသည့် အချက်များသာဖြစ်သောကြောင့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တော်လှန်ရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းထားသည်။
