ဂန့်ဂေါမြို့တွင်း စစ်သားများ သွားလာသောနေရာများသို့ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲ

ဓာတ်ပုံ-ယောအလင်းတန်း

မကွေးတိုင်း ၊ ဂန့်ဂေါမြို့တွင်းသို့ ရှေ့ာတိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ သွားလာလေ့ရှိသည့် နေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင်ဂန့်ဂေါမြို့ အရှေ့မြောက်ခြမ်းရှိ ခလရ ၅၀တပ်ရင်းသို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ မကျဘဲ ရေပုတ်ရပ်ကွက် အနီးသို့ တစ်လုံး ၊ စစ်သားများ သွားလာလေ့ရှိသည့် သစ်ထုတ်လုပ်ရေးရုံးအနီး လမ်းမပေါ်သို့ တစ်လုံးနှင့် လဝကရုံး အနီးသို့တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရသည်။

“သစ်ထုတ်ရေးနားက လမ်းမပေါ်မှာ တစ်လုံး ၊ လဝကနားမှာ တစ်လုံး ၊ ရေပုတ်နား တစ်လုံး။ အဲ့ဒီ့နေရာတွေမှာ ကွဲတယ်လို့ သိရတယ်။စခတွေ သွားလာလေ့ရှိတဲ့နေရာတစ်ခုပါ။ ထိခိုက်မရှိ ဘူးလို့လည်း ပြောလာပါတယ်။ မနက် နည်းနည်းစောတော့ လူသွားလူလာမရှိသေးတဲ့အချိန်လေ။ လိုကယ်ရင်း(local တပ်ရင်း) တစ်ခုက ပစ်ခတ်တာလို့ သိရပါတယ်ဗျ။ သူတို့ကတော့ ရကပ (ရွေးကောက်ပွဲ) ကိုသတိပေးတာလို့ပြောတယ်ဗျ”ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့သည့် နေရာများအနီးတွင် လူနေအိမ်များရှိသော်လည်း အိမ်များ ထိခိုက်မှုမရှိသလို ပြည်သူများလည်း ဒဏ်ရာမရရှိခဲ့ကြောင်းနှင့် မြို့အဝင်အထွက်ရှိ ဂိတ် ၅ ခုတွင် လုံခြုံရေးအင်အားတိုးမြှင့်လိုက်ကြောင်း သိရသည်။

“ရဲတွေ စခတွေ ချက်ချင်းရောက်လာပြီး အပိုင်းအစတွေကို သိမ်းယူသွားပါတယ်ဗျ။ လုံခြုံရေးဂိတ် တွေတော့တိုးမြှင့်ထားပါတယ်။ မြို့က မြို့သေးလေးပဲဆိုတော့ မြို့ထဲ ဝင်ထွက်တွေမှာသာ တိုးမြှင့်တဲ့သဘောပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

မြို့အဝင်အထွက်ရှိ ဂိတ် ၅ ခုတွင် ယခင်က တစ်ဂိတ်လျှင် စစ်သားအင်အား ၁၅ ဦးခန့်သာ ရှိသော်လည်း ယနေ့ နံနက်တွင်မူ ခလရ ၅၀ မှ အင်အားများဖြင့် တစ်ဂိတ်လျှင် ၂၀ မှ ၂၅ ဦးအထိ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

ဂန့်ဂေါမြို့ အရှေ့မြောက်ခြမ်းတွင် ခလရ ၅၀ တပ်ရင်းတည်ရှိပြီး မြို့လယ်တွင် ရဲစခန်းရှိကာ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပုံမှန် မြို့တွင်း ကင်းလှည့်လေ့ရှိကြောင်း သိရသည်။