ရန်ကုန်တိုင်း ၊ လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းကို မြို့ပြပြောက်ကျားများက ၂ပတ်ကြာ မြေပြင်စောင့်ကြည့်ထောက်လှမ်းပြီးနောက် ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) နံနက် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် လှိုင်မြို့နယ် ၊ ဘုရင့်နောင် လမ်းမပေါ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖက သတင်းထုတ်ပြန်သည်။
“ထိခိုက်ဖို့ ရာခိုင်နှုန်းတော့ များပါတယ်။ ဖြစ်စဥ်ပြီးပြီးချင်းကျနော်တို့ အစီစဥ်တကျ ဆုတ်ခွာခဲ့တဲ့အတွက် ရဲဘော်တွေအန္တရာယ်ကင်းကြပါတယ်။ မြေပြင် သတင်းပေးပို့ချက်အရ သူတို့တွေ ယောက်ယက်ခတ်ကုန်နေကြပြီ။ အခုမနက်ပိုင်း ဘာမှမဖြစ်ခဲ့သလို ရုပ်ရှင်ရိုက်နေကြပါတယ်။အစစ်အဆေးတွေတင်းကျပ်ထားပါတယ်”ဟု ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ဆင်ရေးကို အချိန် ၂ ပတ်ကြာ ထောက်လှမ်းပြီးမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆင် ရေး တွင် ပါဝင်ခဲ့သည့် Operation Flame အဖွဲ့ထံက သိရသည်။
“ကျနော်တို့ ၂ပတ်ကြာ မြေပြင်စောင့်ကြည့် ထောက်လှမ်းပြီး၊ အနီးကပ် ၂ရက် ကြိုတင်ပြင်ဆင်မှုလုပ်ကာ ယနေ့ မနက်ပိုင်းတွင် အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာပါ။
ရဲစခန်းနှင့် အနီးကပ်ဆုံး (ခန့်မှန်း ၄ ၊ ၅ ပေလောက်)မှာ မိုင်းအလုံးများ ချထားနိုင်ခဲ့ပြီး ရဲခွေးများ မနက်အစောပိုင်း ကင်းချိန်းချိန်တွင် ချိန်ကိုက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ မိုင်းကပူးတွဲ ၂လုံး အသုံးပြုထားပါတယ်ဗျ။ တစ်ညလုံးစောင့်ပြီး မနက်အစောပိုင်းခွဲပြီး အမြန်ပြန်ဆုတ်ခဲ့ရပါတယ်”ဟု Operation Flame အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက MPA သို့ပြောသည်။
ပိတောက်ချောင်းနယ်မြေရဲစခန်းအနီးတွင် သီရိမင်္ဂလာဈေးရှိပြီး ဘုရင့်နောင် စစ်ကြောရေးနှင့် မီတာ ၆၀ ခန့်သာ ဝေးကြောင်း သိရသည်။
“အနီးဆုံးဆို စစ်မှုထမ်း ပေါ်တာဆွဲတွေထားတဲ့ ဘုရင့်နောင် စစ်ကြောရေးရှိမယ်ဗျ။ ကပ်လျက်က တော့ သီရိမင်္ဂလာဈေးဗျ။ အဲဒီက ရခတွေက ဈေးမှာ ဆက်ကြေးကောက် တောင်းရမ်းပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြတဲ့ကောင်တွေ။ ကျနော်တို့ လွန်ခဲ့တဲ့ ၂ရက်တည်းက အခွင့်စောင့်နေတာ။ သိတဲ့အ တိုင်း မအလ နဲ့ စိုးဝင်းအလှည့်ကျ လာပြီး ရန်ကုန်ထဲ ခွေးတွေ ခြေရှုပ်ပြီး ကင်းပုန်းအပြည့်နဲ့။အခုက ရွေးတုလည်း နီးလာတော့ သူတို့ တပ်လှန့်ထားပြီး ကင်းပတ်တွေလည်း များလာနေပြီ။ ကျနော်တို့လည်း မရမကကို အခွင့်ချောင်း လုပ်နေကြတာပါပဲဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ဆင်ရေးကို ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖ ၊ ကြည့်မြင်တိုင်မြို့နယ် ပကဖ ၊ လသာမြို့နယ် ပကဖနှင့် Operation Flame တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၆ ရက်ကလည်း ရဲများ လုံခြုံရေးယူထားသည့် မြောက်ဥက္ကလာပမြို့နယ် ခန်းမကို လက်လုပ်မိုင်းနှင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးပြင်းထန် ဒဏ်ရာရခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့က ထုတ်ပြန်ထားသည်။
