ရေဦးတိုက်နယ်ဆေးရုံကို ညအချိန် စစ်တပ် ဗုံးကြဲပြန်၊ သားဖွားခန်းပါသည့် ၄ ဆောင်တွဲ ပျက်စီး

ဓာတ်ပုံ - ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း
ပုံစာ - ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆေးရုံအဆောက်အအုံများ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံတစ်ခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သားဖွားခန်းပါသည့် အဆောင်၄ဆောင်တွဲ ပျက်စီးခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၁၇ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရေဦးမြို့နယ်၊ တမာတောရွာ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။

” ပေါင် ၅၀၀ (၂ လုံး) ကြဲသွားတာ။ လေကြောင်းသတင်းရပြီးကတည်းက တချို့ဟာတွေက အပြင်ကို ထုတ်ပြီးသားဖြစ်နေခဲ့ပြီ။ ပုံမှန်ဆေးရုံကတော့ လူရှိတယ်။ သာမာန်အရပ်သားတွေ ‌တော်တော်များ များရှိတယ်။ မွေးလူနာတွေ၊ တခြားလူနာတွေ၊ လေဖြတ်လို့ ကုနေတဲ့ဟာတွေ၊ ခြေထောက်ကျိုးလို့ ကုတဲ့ဟာတွေ၊ မြွေကိုက်လို့ ကုတဲ့ဟာတွေ၊ ဒါမျိုးတွေတော့ရှိတယ်” ဟု ရေဦးမြို့နယ်ပကဖမှ တာ ဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သားဖွားခန်းနေရာ အဓိက ပျက်စီးသွားကြောင်း သိရသည်။

” သားဖွားခန်းနေရာ အဓိကပျက်စီးသွားတာ။ အဲ့ထဲမှာပါတဲ့ ဆေးပစ္စည်းတချို့တော့ ပျက်စီးဆုံးရှုံးသွားတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းဆေးရုံသည် အမျိုးသားညီညွှတ်ရေးအစိုးရအောက်တွင် လည်ပတ်နေသည့် ဆေးရုံဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဆေးရုံကို ပိတ် ထားလိုက်ရကြောင်း သိရသည်။
ဒီဇင်ဘာ၁၀ရက် ညကလည်း မြောက်ဦးဆေးရုံကြီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ၃ လသားအရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၃၃ ဦး သေဆုံး ပြီး ၇၇ ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။