တော်လှန်ရေး အရွေ့မြန်ရေး လိုအပ်သည့် အပြောင်းအလဲများကို ရဲဝံ့စွာ ဖော်ဆောင်သွားမည်

ဓာတ်ပုံ-NUG
ပုံစာ-PDFရှေ့တန်းစခန်းတစ်ခုတွင် မန်းဝင်းခိုင်သန်းကို တွေ့ရစဉ်။(ပုံဟောင်း)

NUG အစိုးရအနေဖြင့် တော်လှန်ရေး လျင်မြန်စွာ အောင်မြင်နိုင်ရေးအတွက် လိုအပ်သည့် အပြောင်းအလဲများကို တွန့်ဆုတ်မနေဘဲ ရဲဝံ့စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၈ ရက်) ပြုလုပ်သည့် အဠမ အကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မိန့်ခွန်းပြောစဉ်၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

“ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ယခု စတင်နေပြီဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေး အဆင့်ဆင့်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ပြောသည်။

၂၀၂၅ ခုနှစ်သည် နွေဦးတော်လှန်ရေး အရှိန်မြင့်နေသည့် ကာလ တစ်ခုကို ရောက်ရှိ ဖြတ်သန်းနေရ ပြီး စစ်ရေးကဏ္ဍတွင် အရှိန်အဟုန်ပြင်းထန်သကဲ့သို့ နိုင်ငံရေးကဏ္ဍတွင်လည်း ပိုမို ခိုင်မာ ပြတ်သား စွာ ဆွေးနွေးဆုံးဖြတ်ကြရမည့် အရာများစွာ ကြုံတွေ့လာရကြောင်း ယခုကဲ့သို့ လှိုင်းကြမ်းလေထန် ကာလမျိုးတွင် NUG အစိုးရအနေဖြင့် ၅ နှစ်နီးပါးကာလအတွင်း ပြည်သူကို ပေးထားခဲ့သည့် ကတိအတိုင်း တော်လှန်ရေး၏ ဦးတည်ချက် ၊ ရည်မှန်းချက်များအား မယိမ်းမယိုင် လက်ချင်းချိတ်ပြီး ရှေ့ခရီး အတူဆက်လှမ်းကြရမည့်အချိန်ဖြစ်ကြောင်းလည်း ဆိုသည်။

“နိုင်ငံရေးမှာ အမြဲတမ်းသဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန်သဘောတရားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင်၊ သဘောမျှနိုင်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ လူ့အသက်တွေ အများကြီး စတေးပြီး တိုင်း ပြည်ရဲ့အနာဂတ်ကိုရင်းကာ ဆင်နွှဲနေကြရတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် ကျ‌နော်တို့ ဦးဆောင်တိုက်ပွဲဝင်နေသူတွေအတွက်ပိုပြီး တာဝန်ကြီးတဲ့တော်လှန်ရေးလည်း ဖြစ်ပါတယ်။ ကျနော် တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးနေ့မျိုးမှာတောင် ဆေးရုံလို နေရာမျိုး ကို ဗုံးကြဲချခဲ့တဲ့ ဆိုးရွားလွန်းသူတွေဖြစ်တယ်ဆိုတာကို မေ့လို့မရပါဘူး။ ဒီလို အကြမ်းဖက်စစ်အုပ်စု မျိုး ကို တော်လှန်နေကြရတဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးရဲ့ ပထမဆုံး ဦးတည်ချက်က အကြမ်းဖက်စစ်အုပ်စုကို ဖြိုချဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့အားလုံး ဒီထက်ပိုမိုစုစည်းပြီး ပိုမိုအလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက် ‌ပြောသည်။

စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများက လက်မခံခြင်းသည် ပြည်သူ့ဆန္ဒအမှန် ထုတ်ဖော်ပြသခွင့်ရှိသည့် ရွေးကောက်ပွဲဆိုသည့် ဖြစ်စဉ်ကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်အာဏာရှင်တစ်စုက လက်နက်အားကိုးဖြင့် မတရားချေဖျက်ရန် ကြိုးပမ်းနေခြင်းကြောင့်သာ လက်မခံကြခြင်းဖြစ်ကြောင်း နည်းလမ်းပေါင်းစုံဖြင့် ပြသရန် လိုအပ်သည်ဟုလည်း ဆိုသည်။