ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်းများထံ သွားရောက်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦးတို့ကို ထိုင်းတော်ဝင်ရေတပ်က ပူးပေါင်းစစ်ဆင်ရေးဖြင့် ဒီဇင်ဘာလ ၁၈ ရက်ညက ဖမ်းဆီးရမိခဲ့သည်။
ချမ်သာဘူရီ-တရတ် နယ်စပ်ကာကွယ်ရေးဌာနချုပ်အောက်ရှိ ရေတပ်အရာရှိများက လုံခြုံရေးများ ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ကနဦးစစ်ဆေးမှုများအရ ဖမ်းဆီးခံရသူများတွင် တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်း သို့မဟုတ် နိုင်ငံကူးလက်မှတ်များ တစ်ဦးတစ်ယောက်မျှ ကိုင်ဆောင်ထားခြင်း မရှိကြောင်း တွေ့ရှိရသည်။
စစ်ဆေးမေးမြန်းမှုအတွင်း ၎င်းတို့သည် ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ကြသဖြင့် ထိုင်းအာဏာပိုင်များက ၎င်းတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်ရန်နှင့် ကွန်ရက်အတွင်းရှိ အခြားအဖွဲ့ဝင်များကို ဆက်လက်ဖော်ထုတ်နိုင်ရန် ဆာတွန်မြို့နယ်ရဲစခန်းရှိ တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့သည်။
ဖမ်းဆီးရေးအဖွဲ့၏ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါအဖွဲ့၏ လှုပ်ရှားမှုများသည် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်တစ်လျှောက်တွင် အခြေစိုက်ထားသည့် “ဆိုက်ဘာရာဇဝတ်မှု ကွန်ရက်များ” သို့မဟုတ် လိမ်လည်လှည့်ဖြားသည့် ဂိုဏ်းများနှင့် ဆက်နွှယ်နေကြောင်း သိရသည်။
လက်ရှိတွင် ချမ်သာဘူရီနယ်စပ်ဒေသများ၊ အထူးသဖြင့် ကုန်သွယ်မှုဖြေလျှော့ပေးထားသည့် နေရာများနှင့် သဘာဝတောလမ်းကြောင်းများကို ထိုင်းလုံခြုံရေးအဖွဲ့များက အနီးကပ် စောင့်ကြည့်လျက်ရှိသည်။
