စစ်တပ်က ယင်းမာပင်နှင့် ကနီမြို့နယ်တွင် စစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ

ဓာတ်ပုံ - ADPRA
ပုံစာ - ကနီမြို့အဝင် ဆိုင်းဘုတ်အား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ကနီမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၁၀ နာရီမှစ၍ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးကုန်းမှ ထွက်လာသည့် အင်အား ၂၀၀ ပါ စစ်ကော်မရှင်စစ်ကြောင်းက ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

“မုံရွာ နမခ ကနေပြီး ရွှေတောင်ဦးကုန်းမှာ လူလာချတာ။ ရွှေတောင်ဦးက ချင်းတွင်းမြစ်ကမ်းဘေးက စစ်မှုထမ်းဟောင်းတွေ နေတဲ့ကုန်း၊ အဲ့ဒီ့ကုန်းက ဆင်းလာတဲ့ စစ်ကြောင်းက မနေ့ မနက်ကနေ ကျောက်မှော်နဲ့ အင်းပြားဘက်မှာ ထိုးနေတာ။ ကျောက်မှော်ရွာက ပြည်သူပိုင်ပစ္စည်းတွေ ကားနဲ့တင်ပြီး ရွှေတောင်ဦးဘက်ပို့နေတယ်” ဟု မြေပြင်အခြေအနေသိရှိသူ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။

အဆိုပါစစ်ကြောင်းမှာ ကျောက်မှော်ကျေးရွာတွင် ဆက်လက်တပ်စွဲလျက်ရှိနေပြီး ကနီမြို့နယ်ရှိ ချောင်းမကျေးရွာ၌ တပ်စွဲနေထိုင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။

“ချောင်းမကို ပြန်ရဖို့လို့ လုပ်နေတာလည်း ဖြစ်နိုင်တယ်။ ကနီမြို့ပေါ်ကလည်း စစ်ကြောင်းလှုပ်တယ်၊ ချောင်းမဝန်းကျင်က ရွာတွေကတော့ ဂရုစိုက်နေထိုင်နေရတယ်။ ရွေးကောက်ပွဲကာလကြောင့်လည်း ဖြစ်နိုင်တယ်။ ကျောက်မှော်ဘက်က စစ်ကြောင်းကတော့ ချောင်းမနဲ့က ဆယ်မိုင်ကျော်လောက် ဝေးသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မုံရွာ နမခမှ တက်လာသည့် ဂျိုင်ရိုကော်ပတာနှစ်စင်းဖြင့် ယင်းမာပင်နယ်အရှေ့ခြမ်းတစ်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ၄င်းက ဆက်လက်၍ ဆိုသည်။

လက်ရှိတွင် ကျောက်မှော်၊ နဘူးတော၊ ဘန့်ဘွေး၊ ဂွေ့ချောင်း၊ စုန်းချောင်း၊ ကျောက်ကုန်း၊ ပတိမ်ပြင်၊ သံပုရာရိုး၊ ကြက်လျှာနှင့် အင်းပတ်ကျေးရွာမှ ဒေသခံပြည်သူများမှာ ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

“စစ်ရှောင်နေရတာ ရွာတွေကလည်း ဆယ်ရွာမကဘူးဆိုတော့ လူဦးရေကလည်း တစ်သောင်းဝန်းကျင်မှာ ရှိနိုင်တယ်။ ဆောင်းတွင်းဆိုတော့ ရာသီဥတုအေးတဲ့ဒဏ်ကတော့ ခံရတာပေါ့” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ မြစ်ဆိပ်များတည်ရှိရာ ကျေးရွာများကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိနေသည်။

“လေကြောင်းကနေတော့ ခဏခဏပစ်နေတာ။ ဒီဇင်ဘာလအတွင်းကို ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လာလာပစ်နေတာ များတယ်။ ကနီ၊ မင်းကင်းနယ်အစပ်တွေမှာလည်း ပစ်တယ်၊ သေဆုံးတာတွေလည်း ရှိပါတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်က ကနီမြို့နယ်အတွင်း၌ ကနီမြို့ပေါ်၊ အလယ်ကျွန်းပျူစောထီးကျေးရွာနှင့် တာဝါတိုင်ကုန်းတို့တွင် အထိုင်ချတပ်စွဲလျက်ရှိနေသည်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လမှစ၍ စစ်ကော်မရှင်တပ်က ဂန့်ဂေါ – ပုလဲ – မုံရွာ၊ မုံရွာ – ကလေးဝ၊ ဘုတလင် – မုံရွာ၊ မုံရွာ – အရာတော်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မုံရွာ – ရွှေဘို – ဒီပဲယင်း – ရေဦး – ခင်ဦး – ကန့်ဘလူလမ်းပိုင်းတို့ကို မြေပြင်စစ်ကြောင်းနှင့် လေကြောင်းများကို အသုံးပြုကာ လက်လွှတ်ခဲ့ရသည့် နယ်မြေများကို ပြန်လည်ရယူရန် ကြိုးပမ်းလျက်ရှိနေသည်။