မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးရှိ အိုင်းမရွာထဲသို့ စစ်ကြောင်းဝင်ရောက်လာပြီး ပြည်သူများကို ဖမ်းဆီးကာ ရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ယနေ့ (ဒီဇင်ဘာ ၂၂ရက်)၊ နေ့ခင်း ၁၁နာရီဝန်းကျင်တွင် မြင်းခြံမြို့ပေါ်က ထွက်လာသည့် အင်အား ၁၀၀ဝန်းကျင်ပါ စစ်ကြောင်းသည် အိုင်းမရွာသို့ ဝင်ရောက်ပြီး ပြည်သူ ၁၀ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
” ဒီစစ်ကြောင်းက မထွက်သေးဘူး။ ပြည်သူတွေကို ဖမ်းဆီးပြီးမီးရှို့နေတာတော့ ဟုတ်တယ်။ ရွာထဲ ကနေ မပြေးဘဲနဲ့ ကျန်နေခဲ့တဲ့သူတွေပေါ့။ စစ်ကြောင်းလာတာကို မသိလိုက်တာတို့။ မရှောင်ဘဲပြန် နေလိုက်တာတို့။ အဲ့ဒါ ၁၀ဦးလောက်တော့ ဖမ်းသွားတယ်။ ဖမ်းထားတဲ့သူတွေ ကိုတော့ မြို့ပေါ်ပို့ တယ်လို့ ကြားတယ်” ဟု ၎င်းက ယနေ့ မွန်းလွဲ ၂နာရီကျော်တွင် MPAသို့ ပြောသည်။
ဖမ်းဆီးပြီး မြို့ပေါ်ပို့လိုက်သည့် ၁၀ဦး၏ အသက်အရွယ်နှင့် ကျား၊မကိုမူ အတည်မပြုနိုင်သေးသလို မီးလောင်ကျွမ်းသွားသည့် အိမ်အရေအတွက်ကိုလည်း မသိရသေးပေ။
ယင်းစစ်ကြောင်းကြောင့် အိုင်းမရွာအပါအဝင် ကျေးရွာ ၁၀ရွာမှ ဒေသခံ တစ်သောင်းကျော်တို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
” အိုင်းမအရှေ့ဘက်က ရွာတစ်ရွာရှိတယ်။ အဲ့ရွာက သူတွေက ရွာထဲကို လေယာဉ်ကြဲတာတစ်ခါ၊ လက်နက်ကြီးကျတာ တစ်ခါ အဲ့လိုရှိတော့ကျ အဲ့နားကရွာတွေက မနေဘဲ ရွာနှစ်ရွာကြားတွေမှာ ကိုယ့်လယ်အခင်းတွေမှာ တဲထိုးနေကြတာလေ။ အဲ့လိုတဲထိုးနေတဲ့ဟာတွေက အိုင်းမရွာဝင်ပြီဟေ့ဆို စစ်ကြောင်းနဲ့ ဝေးတဲ့နေရာရှောင်ရတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
မြင်းခြံမြို့မှ အိုင်းမရွာသို့ ဆိုင်ကယ်ဖြင့်သွားလျှင် မိနစ် ၂၀သာ မောင်းရကြောင်းသိရသည်။
