ဒေါ်ကြည်ပြာကို တိုင်ကြားထားသည့် အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုရလဒ်များကို တစ်လအတွင်း ပြီးစီးအောင် စစ်ဆေး၍ တရားမျှတမှုနှင့် အမှန်တရားတစ်ရပ်ကို ဖော်ထုတ်ပေးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဖွဲ့စည်းခဲ့သည့် တိုင်ကြားစာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားထားသော်လည်း ယနေ့ ဒီဇင်ဘာ ၂၂ရက်တွင် တစ်လပြည့်ပြီဖြစ်သော်လည်း တိုင်ကြားမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်။
တိုင်ကြားစာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နိုဝင်ဘာ ၂၂ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တစ်လပြည့်ခဲ့သော်လည်း ဒေါ်ကြည်ပြာ ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပေးမှုမရှိသည့်အပြင် မူလတိုင်ကြားထားသူ ၁၂ ဦးကို ဒေါ်ကြည်ပြာဘက်မှ တန်ပြန်တိုင်ကြားထားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တိုင်ကြားစာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြန်လည် စစ်ဆေးရန် စာပို့အကြောင်းကြားလာမှု ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်များက MPA သို့ ပြောသည်။
” သူပြန်တိုင်တယ်ဆိုတဲ့ အမှုကြီးတွေကလဲ ဟာသကြီး၊ အဲ့ဒါကို စုံခုံက ပထမကြည်ပြာအမှုကို တရားမျှတမှု အတွက် အဖြေထုတ်မပေးဘဲ သူပြန်တိုင်တာကိုပဲ တပြန်ကြီး စစ်မယ်ဆိုပြီးပဲလုပ်နေတယ်။ တကယ်က ကြည်ပြာ အစိုးရဝန်ထမ်းတစ်ဦးရဲ့ ခြစားမှု၊ အာဏာအလွဲသုံးစားမှုကို တိုင်တာလေ နိုင်ငံတော်နဲ့ ဘာဆိုင်လို့လဲ “ကြည်ပြာက နိုင်ငံတော်လား” အခုက၊ စစ်အစိုးရကို တော်လှန်လာတာကို စစ်အစိုးရသုံးတဲ့ အမှုမျိုးတွေနဲ့ ကျမတို့ကို ပြန်စွဲနေတာ” ဟု တိုင်ကြားခံရသူ တစ်ဦးက ပြောသည်။
ဒေါ်ကြည်ပြာမှ ၎င်းတို့ ၁၂ဦးကို တန်ပြန်တိုင်ကြားရာ၌ အစိုးရ၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ နိုင်ငံတော်နှင့် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၏ လုံခြုံရေးကို ထိခိုက်စေခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကို အကြည်အညိုပျက်အောင်ပြုခြင်း၊ လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို ထိခိုက်နစ်နာစေခြင်း၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းနှင့် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းမပြုမီ အပြစ်မဲ့သူဟု မှတ်ယူရမည်ဟူသည့် လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ခြင်းတို့ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တိုင်ကြားထားသူ (၁၂) ဦးမှာ ၎င်းတို့အား စစ်ဆေးရန် ပေးပို့လာသည့် စာများနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မည်သို့ရင်ဆိုင်ရမည်ကို ပြင်ဆင်နေကြပြီး၊ အမှုစုံစမ်းစစ်ဆေးမှု ရလဒ်ကို အမြန်ဆုံး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် မျှော်လင့်နေကြသည်။
“ကျတော်တို့ဘက်က အပြည့်အဝ ပူးပေါင်းထားပြီးပါပြီ၊ ခွေးကိစ္စ၊ ရတနာဝယ်တာ၊ တော်လှန်ရေး ရည်ရွယ်ချက်ပျောက်ဆုံးနေကြတာ တော်လှန်ရေးမှာ အရေးကြီးတဲ့ တာဝန်၊ ရာထူးယူထားကြသူတွေဖြစ်လို့ ခွင့်လွတ်စရာမဟုတ်ပါဘူး။ မကြည်ပြာတို့ ဒီ တော်လှန်ရေး ၄ နှစ်တာ ကျူးလွန်ခဲ့မှုတွေက မသိလို့ မှားခဲ့တာတွေမဟုတ်ပါ။ တော်လှန်ရေးအခွင့်ထူးခံလုပ်ခဲ့ကြတာပါ၊ တကယ်တမ်း တော်လှန်ရေးမို့လို့လဲ အရည်အချင်းရှိသူတွေဟာ ပိုလိုအပ်ပါတယ်။ ရိုသားဖို့၊ အလေအလွင့်မရှိဖို့ဆိုတာ ပိုအရေးကြီးပါတယ်။ ဒီတော်လှန်ရေးက ပြည်သူလူထုရဲ့တော်လှန်ရေးပါ၊ တော်လှန်ရေးကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးနေရသူတွေကလည်း ပြည်သူလူထုပါ၊ တော်လှန်ရေးမို့လို့ကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိထိရောက်ရောက်ပြတ်ပြတ်သားသား အရေးယူပြဖို့လိုအပ်တာပါ ” ဒေါ်ကြည်ပြာအား တိုင်ကြားခဲ့သည့် နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။
မူလတိုင်ကြားသူ (၁၂) ဦးကို ဒေါ်ကြည်ပြာဘက်မှ တန်ပြန်တိုင်ကြားထားသည်ဟုဆိုကာ ၎င်းတို့အား စစ်ဆေးမေးမြန်းရန်အတွက် သက်ဆိုင်ရာမှ ဆင့်ခေါ်စာများကို ယနေ့တွင် ပေးပို့လာခဲ့ခြင်းဖြစ်သည်။
တိုင်ကြားထားသည့် အမှုမှန်ပေါ်ပေါက်ရေးထက် တိုင်ကြားသူများကို ပြန်လည်စစ်ဆေးမည့် အခြေအနေအပေါ် ကာယကံရှင်များက စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
အဆိုပါ အမှုအား စတင်စစ်ဆေးစဉ်က “တစ်လပြည့်လျှင် စုံစမ်းစစ်ဆေးမှု ရလဒ်ကို အများပြည်သူသိအောင် ထုတ်ပြန်မည်” ဟု ပြောဆိုခဲ့သော်လည်း ယနေ့အထိ နှုတ်ဆိတ်နေဆဲ ဖြစ်သည်။ အမှုရလဒ် ထွက်မလာသည့်အပြင် “ဒေါ်ကြည်ပြာမှ တန်ပြန်တိုင်ကြားထားသည်” ဆိုသည့် အကြောင်းပြချက်ဖြင့် မူလနစ်နာသူ (၁၂) ဦးကို ပြန်လည်စစ်ဆေးရန် စာပို့လာခြင်းသည် တိုင်ကြားသူများကို ဖိအားပေးသည့် လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများက ထောက်ပြကြသည်။
” NUG ရဲ့ လုပ်ပုံက အတော်ကို အဓိပ္ပာယ်မရှိတော့ဘူး။ တစ်လပြည့်နေပြီ ရလာဒ်ကို မထုတ်ပြန်ဘဲ တိုင်ကြားသူတွေကို ပြန်လည် စစ်မေးဖို့လုပ်တယ်။ ဘာလဲ ကြည်ပြာ့အတွက် ၀ိုင်းလိမ်ပေးမလို့လား၊ ကိုယ့်လူမို့လို့ ဝိုင်းဖာထေးနေတာလား၊ အခုလုပ်ပုံက စစ်အာဏာရှင်နဲ့ဘာမှ မကွာဘူး ” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
အမြဲတမ်း အတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏ခင်ပွန်းတို့အား တိုင်ကြားစာတွင် စွပ်စွဲထားသည့် အဓိကအချက်အချို့မှာ ဝန်ထမ်းများအပေါ် ဖိနှိပ်ဆက်ဆံမှုများ ပြုလုပ်ခြင်း၊ အရေးပါသော ဌာနဆိုင်ရာ နေရာများတွင် ဆွေမျိုးသားချင်းများကိုသာ ခန့်ထားခြင်း (ဥပမာ- ခင်ပွန်းဖြစ်သူ ဦးညီညီမင်းကို ရုံးဦးစီးအဖွဲ့မှူး/ညွှန်ချုပ်အဆင့် ယူစေကာ ဘဏ္ဍာရေးကို စီမံခန့်ခွဲစေခြင်း)၊ ဝန်ကြီးချုပ်ရုံးအား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသဖွယ် လုပ်ဆောင်နေကြောင်းနှင့် ဝန်ကြီးချုပ်အပါအဝင် အဆင့်ဆင့်တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို ထိတွေ့ခွင့် မပေးဘဲ တားမြစ်ထားခြင်းတို့ကြောင့် နုတ်ထွက်ခဲ့သည့် ဝန်ထမ်း ၁၉ ဦးအနက် ၁၂ ဦးက တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါ တိုင်ကြားစာ၌ နိုင်ငံတကာမှ လှူဒါန်းသည့် အလှူငွေများကို စာရင်းဇယားရှင်းလင်းမှုမရှိဘဲ မိသားစုအကျိုးစီးပွားအတွက် အသုံးပြုနေသည်ဟု စွပ်စွဲချက်များ ပါဝင်ပြီး အချက် ၂၀ ပါ စွပ်စွဲချက်များကို သက်သေများနှင့်တကွ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
