အပစ်အခတ်ရပ်စဲရေး အာဆီယံအစည်းအဝေးပြုလုပ်ပြီးချိန်တွင် ထိုင်းက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ကမ္ဘောဒီးယားပြောကြား

ဓာတ်ပုံ - AKP via AP
ပုံစာ - ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်းပက်မြိုု့တွင် ထိုင်းလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ်

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်စပ်တိုက်ပွဲများ ရပ်တန့်ရေးအတွက် ဒီဇင်ဘာ ၂၄ ရက်တွင် ဆွေးနွေးပွဲများပြုလုပ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ဒီဇင်ဘာ ၂၂ ရက် အစည်းအဝေးတွင် သဘောတူညီခဲ့ကြကြောင်း ကြေညာခဲ့ပြီး နာရီပိုင်းအတွင်းမှာပင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားပိုင်နက်အတွင်းသို့ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ကမ္ဘောဒီးယားဘက်က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ် ဖောင်ကတ်ကောက်သည် ကွာလာလမ်ပူမြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် နှစ်နိုင်ငံကြား ဆွေးနွေးပွဲပြုလုပ်မည့်အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို လက်ရှိ နှစ်နိုင်ငံနယ်စပ်ကော်မတီ မူဘောင်အတွင်းမှနေ၍ ဒီဇင်ဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံ၊ ချန်သဘူရီမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့သော် မလေးရှားနိုင်ငံတွင် ဒေသတွင်းအကျပ်အတည်းဖြေရှင်းရေး ဆွေးနွေးပွဲပြုလုပ်ပြီး နာရီပိုင်းအကြာမှာပင် ထိုင်းစစ်တပ်က တိုက်လေယာဉ်များအသုံးပြု၍ စီယမ်ရိ နှင့် ပရဝိဟာရ ပြည်နယ်ရှိ နေရာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စီယမ်ရိပြည်နယ်သည် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းဝင်း တည်ရှိရာနေရာဖြစ်သည်။ ဗုံးကြဲခံရသည့် စရေးနွိုင်းကျေးရွာသည် အန်ကောဝပ်ဘုရားကျောင်းမှ ကားဖြင့် တစ်နာရီခွဲခန့်သာ သွားရသည့်အကွာအဝေးတွင် ရှိကြောင်း သိရသည်။

ထိုင်းစစ်တပ်ဘက်ကမူ ကမ္ဘောဒီးယားဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ ဒုံးကျည် ဒါဇင်နှင့်ချီ၍ ပစ်ခတ်ခဲ့သဖြင့် ထိုင်းလေတပ်က ကမ္ဘောဒီးယားစစ်ရေးပစ်မှတ် နှစ်ခုကို လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နယ်စပ်ပစ်ခတ်မှုများ ရှိနေသော်လည်း အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရာတွင် ထိုင်းဘက်က “ရိုးသားမှုကို ပြသလိမ့်မည်” ဟု ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက မျှော်လင့်နေဆဲ ဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆတ်ကမူ လာမည့်ဆွေးနွေးပွဲသည် အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း ဖြစ်ပေါ်စေနိုင်မည်မဟုတ်ကြောင်း သတိပေးခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ အပစ်အခတ်ရပ်စဲရေးဆိုတာ ကြေညာရုံနဲ့ မရပါဘူး၊ လက်တွေ့လုပ်ဆောင်မှုတွေကနေပဲ လာရမှာပါ” ဟု ၎င်းက ဆိုသည်။

ယခုလအတွင်း ပြန်လည်စတင်ခဲ့သော တိုက်ပွဲများကြောင့် ယခင်ကချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ရပြီး၊ တိုက်ပွဲများအတွင်း ထိုင်းနိုင်ငံဘက်မှ အနည်းဆုံး ၂၃ ဦးနှင့် ကမ္ဘောဒီးယားဘက်မှ ၂၀ ဦး သေဆုံးခဲ့ရကာ နှစ်ဖက်စလုံးမှ ဒေသခံ ၉ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။