မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးအရှေ့ရွာဘုန်းကြီးကျောင်းထဲသို့ စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ခဲ့ရာ အမျိုးသမီး၃ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ၂၄ရက်၊နေ့ခင်း၁၂နာရီခန့်တွင် ဘီးလင်းမြို့အခြေစိုက် ခမရ၃ တပ်ရင်းမှ ပစ်ခတ်ခဲ့ သည့် လက်နက်ကြီးကျည်၂လုံးသည် ဂုံညင်းနွယ်ကျေးရွာအုပ်စု၊ အလူးကြီးအရှေ့ရွာ ဘုန်းကြီးကျောင်း ထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး မခိုင်သွယ်ဝင်း(အသက်၃၀)၊ မထွေးဝင်း(၂၃နှစ်)နှင့် ဒေါ်ချော(၄၉နှစ်) တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံPDF ရဲဘော်တစ်ဦးထံက သိရသည်။
“နောက်၂ယောက် ဒဏ်ရာရတဲ့အထဲ တစ်ယောက်က ပြင်းတယ်လို့ သိရတယ်။သေဆုံးသူတွေက ၂ယောက်က ခေါင်းထိတယ်။နောက်တစ်ယောက်က ရင်ဘတ်နဲ့ ဗိုက်ထိတယ်။သူတို့တတွေက ဘုန်း ကြီးကျောင်းထဲ ရောက်နေတဲ့အချိန် ဖြစ်သွားတာ။ဘုန်းကြီးတွေ ထိတယ်လို့တော့ မကြားမိဘူး”ဟု ၎င်းက MPAသို့ပြောသည်။
ဒဏ်ရာရသူ၂ဦးအနက် အမျိုးသမီးဖြစ်သူမှာ ဗိုက်ကို လက်နက်ကြီးအစ မှန်ထားသဖြင့် စိုးရိမ်ရ ကြောင်း သိရသည်။
“ဘာကြောင့် ပစ်လဲဆိုတော့ ပစ်ချင်လို့ ပစ်တယ်လို့ပဲ ပြောရမယ်နဲ့တူတယ်။ဒီရွာမှာ ပြည်သူတွေပဲ ရှိတာ စစ်တပ်က သိနေတာပဲ”ဟု သထုံမြို့၊မင်းလမ်းနေ ပြည်သူတစ်ဦးက ပြောသည်။
အလူးကြီးရွာသည် ဘီးလင်းမြို့အထွက် ဘီးလင်းနှင့် ကျိုက်ထိုမြို့ကြားတွင် တည်ရှိကြောင်း သိရ သည်။
ဘီးလင်းမြို့အနီးရှိ ကျိုက်ထိုနှင့်သထုံတို့တွင် ဒီဇင်ဘာ၂၈ရက်၌ တရားမဝင်ရွေးကောက်ပွဲပြုလုပ် မည်ဖြစ်သည်။
