တိုက်ပွဲပြင်းထန်နေသော ဆင်ဖြူကျွန်းမြို့ပေါ်မှ ပြည်သူများ တိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း ၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ တိုက်ပွဲပြင်းထန်နေ ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်လျက်ရှိရာ
ယနေ့(ဒီဇင်ဘာ ၂၅ ရက်) နံနက်ပိုင်း၌ PDF များက ဆင်ဖြူကျွန်း-စလင်း ကားလမ်းဖွင့်ပေးသဖြင့် မြို့တွင်း ကျန်ရှိနေသည့် ပြည်သူများ တိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“မသွားနိုင်တဲ့သူတွေ ကျန်ဦးမယ်ဗျ။ သွားတဲ့သူက သွားနေပြီ။ ခုလမ်းဖွင့်ထားတယ်။ ဆဖက(ဆင်ဖြူကျွန်း)နဲ့ စလင်းကြား ကားလမ်း။ အတော်များများတော့ ရှောင်နေကြပြီ”ဟု ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဒေသခံပြည်သူတစ်ဦးက MPA သို့ပြောသည်။
ဆင်ဖြူကျွန်းမြို့တွင် တိုက်ပွဲစတင်ဖြစ်သည့် ဒီဇင်ဘာ ၂၃ ရက်မှ ယနေ့(ဒီဇင်ဘာ ၂၅ ရက်) နံနက်ပိုင်းအထိ လျှပ်စစ်မီးလည်း ပြတ်တောက်နေကြောင်း သိရသည်။
“တိုက်ပွဲကတော့ မြို့ပတ်ချာလည်ပဲ။ ခုလောလောဆယ်တော့ ပြည်သူချင်း ချိတ်ကူနေကြပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ဆင်ဖြူကျွန်းမြို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးအင်အားစုများက အပြီးသတ် သိမ်းပိုက်သွားမည်ဖြစ်သောကြောင့် မြို့နေ ပြည်သူများအနေဖြင့် ယနေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း စလင်းမြို့နယ်ဘက်သို့ ရွှေ့ပြောင်းနိုင်ကြောင်းနှင့် ခရီးသွားကားများအနေနှင့် စစ်တပ်ယာဉ်တန်းများနှင့် အနီးကပ် မောင်းနှင်ခြင်းကို အထူးရှောင်ကြဉ်ကြရန်
စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ နံနက်ပိုင်း၌ ထုတ်ပြန်ထားသည်။
ထို့အပြင် အိမ်စီးကားများအားလုံး မှန်ချ မောင်းနှင်ကြရန်နှင့် မှန်မချဘဲ မောင်းနှင်သည့် ယာဉ်များကို စစ်ရေးအရ လုံခြုံရေး တာဝန်မယူကြောင်းလည်း စလင်းမြို့နယ် ပကဖ က သတိပေးထားသည်။
ဒီဇင်ဘာ ၂၃ ရက်၊ နံနက် ၅ နာရီခွဲခန့်မှ စတင်၍ ဆင်ဖြူကျွန်းမြို့ဘက်ခြမ်းရှိ နွယ်တမယ်တံတားထိပ်မှ စစ်တပ်ဂိတ်ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းအထိ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
