ရေတာရှည် ရွေးကောက်ပွဲ တိုက်ဖျက်မှုစစ်ဆင်ရေးတွင် စစ်တပ် အထိနာ၊ တိုက်ပွဲ ဆက်လက် ပြင်းထန်နိုင်ဟုဆို

ဓာတ်ပုံ - Nay Pyi Taw PDF
ပုံစာ - တိုက်ပွဲဝင် နေပြည်တော် PDF ရဲဘော်များ

စစ်တပ် အထိနာခဲ့သော ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း အင်အားထပ်မံဖြည့်တင်းထားသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၌ မဲရုံတည်ဆောက်ထားပြီး စစ်တပ်အထိုင်ချထားသည့် ဆွာရွာမကြီးရွာ၊ ရွာသစ်ရွာ၊အိုးမြေဒူးရွာနှင့် မြစ်အနောက်ဘက်ကမ်းရှိ ခင်တန်းလေးရွာတို့ကို ရွေးကောက်ပွဲဟန့်တား တိုက်ဖျက်သည့် စစ်ဆင်ရေးအနေဖြင့် နေပြည်တော် PDF က တပ်ရင်းများ စုဖွဲ့ကာ တစ်ပြိုင်တည်း ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သားများ အထိနာခဲ့ကြောင်း လက်ရှိတွင် စစ်တောင်းမြစ် အနောက်ဘက်ကမ်း၌ စစ်သား အင်အားထပ်မံ ဖြည့်တင်းထားကြောင်း နေပြည်တော်တိုင်းစစ်ဌာနထံက သိရ သည်။

“အခု လက်ရှိကျနော်တို့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ အင်အား သူတို့ထပ်ဖြည့်ထားတွေ ရှိတယ်ပေါ့နော်။ အင်အားထပ်ဖြည့်ထားတာ အင်အား ၃၀၀ ၊ ၄၀၀ ထပ်ဖြည့်ထားတာရှိတယ်။ အဲ့မှာမှာ ထပ်ပြီးတော့ ဖြစ်လာနိုင်တယ်ပေါ့နော်။ ဖြစ်လာနိုင်တဲ့အတွက် ကျနော်တို့ စစ်ရေးတင်းမာမှုကတော့ ရှိနေတယ်။ ဆက်ပြီးလည်း တိုက်ပွဲကြီးငယ်တွေ ဖြစ်လာနိုင်တယ်ပေါ့နော်၊ အဲ့ဒီဒေသမှာ။ အနောက်ဘက်ကမ်းက ပို့တဲ့တပ်တွေကတော့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်တွေဖြစ်လိမ့်မယ်ပေါ့နော်။ တောင်ပိုင်းတိုင်းလက်အောက်ခံ တပ်တွေဖြစ်မယ်ပေါ့နော်။ အင်အားကတော့ ကနဦးကတော့ ၁၅၀ ၊ ၂၀၀ ဝန်းကျင်အထိုင်ထားထားတာပေါ့။ စုစုပေါင်း စခန်းအားလုံးကို ဆိုလို့ရှိရင်”ဟု နေပြည်တော် တိုင်းစစ်ဌာနမှ တိုင်းကွပ်ကဲရေးမှူး ရဲဘော်လကျာ်က MPA သို့ပြောသည်။

ဆွာရွာမကြီး ၊ ရွာသစ် ၊ အိုးမြေဒူးနှင့် ခင်တန်းကျေးရွာတို့ရှိ စစ်တပ်အထိုင်စခန်းများကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၅ နာရီကျော်ကြာ တိုက်ပွဲကြီးများ ဖြစ်ခဲ့ကာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“ဆွာရွာမကြီးတိုက်ပွဲမှာတော့ ကျဆုံးတာများမယ်ပေါ့နော်။ ဒီထက်မကလည်း နောက်ပိုင်း ဒဏ်ရာရသူတွေထဲက ကျဆုံးနိုင်တယ်ပေါ့နော်။ အဲ့ထက်မကပေါ့နော်။ ရွာသစ်တိုက်ပွဲမှာလည်း ထိခိုက်မှုရှိတယ်။ စုစုပေါင်း ရွာသစ်၊ ဆွာရွာမကြီး နှစ်ခုပေါင်းပေါ့နော်။ ဆွာရွာမကြီးမှာ များလိမ့်မယ်ပေါ့နော်၊ ထိခိုက်ကျဆုံးကတော့။ ကျနော်တို့ မြေပြင် မျက်မြင်အရ အလောင်း ၁၀ လောင်းဖြစ်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အတည်ပြုချက်ကတော့ ၁၀ လောင်းဖြစ်တယ်။ ဒီထက်လည်း ပိုသွားနိုင်တယ် ဆိုတာပြောတာပါ။တချို့လည်း သူတို့ ဆုတ်ခွာထွက်ပြေးရင်းနဲ့ပေါ့၊ အနောက်မှာ မြစ်ခံနေတော့ တချို့ စကမအဖွဲ့တွေလည်း သူတို့ကြည့်ရတာ ရေထဲမှာတင် ကျသွားတာရှိနိုင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဆွာရွာမကြီးမှ မဲရုံအား မြစ်အနောက်ဘက်ကမ်းသို့ ရွှေ့ပြောင်းခဲ့ ကြောင်း သိရသည်။

“မဲရုံရွှေ့သွားတာကတော့ သူတို့ချက်ချင်းရွှေ့တာဗျ။ ကျနော်တို့က ဒီဘက်က ဖျက်ဆီးနိုင်သလောက် သူတို့လက်ရှိ ရှင်းလင်းခဲ့တာပေါ့နော်။ မဲရုံနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေက အစ ရှင်းလင်းခဲ့တာ ရှိပါတယ်။ အဲ့ဒါကြောင့် ချက်ချင်းရွှေ့သွားတဲ့ သဘောရှိပါတယ်ဗျ။ တိုက်ပွဲပြီးပြီးချင်း သူတို့အနေနဲ့ ရွှေ့သွားတဲ့ သဘောပေါ့နော်”ဟု ၎င်းက ရှင်းပြသည်။

ယင်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်က စစ်ကူအင်အားဖြည့်တင်းခြင်း ၊ လေကြောင်းပစ်ကူခြင်းနှင့် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းတို့ကြောင့် ဒီဇင်ဘာ ၂၃ ရက်တွင်ပင် တော်လှန်ရေး တပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာ ၅ ရွာမှ ပြည်သူများမှာ ယနေ့(ဒီဇင်ဘာ ၂၅ ရက်)အထိ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
ဆွာရွာမကြီး ၊ ရွာသစ်နှင့် အိုးမြေဒူးရွာရှိ စစ်တပ် စခန်း ၃ ခုသည်‌ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၌ အဓိက ခံစစ်ပြင်ထားသည့် နေရာများဖြစ်သည်။