တမူးမြို့နယ်အရေးပေါ် အုပ်ချုပ်ရေးဗဟိုအဖွဲ့ မှ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ခြင်းသည် ပေါ်တာဆွဲရန်ဟုသာ ပြည်သူများယုံကြည်နေ

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စိုးမိုးထိန်းချုပ်ထားသော နယ်မြေများတွင် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည့်အပေါ် ပေါ်တာဆွဲရန်ဟုသာ ပြည်သူများကယုံကြည်နေသည်။

ဒေသလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဟုဆိုကာ ည(၁၀)နာရီမှ နံနက်(၄)နာအရီအထိ ညမထွက်ရအမိန့်ကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) လက်အောက်ရှိ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့မှ ဒီဇင်ဘာ၂၃ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၈)ရက်နေ့ကလည်း ခမ်းပါတ်မြို့ပေါ်တွင် ပြည်သူ(၄၀)ကျော်အား တော်လှန်ရေးအဖွဲ့များက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်မှုများရှိခဲ့သည်။

ယင်းနောက် ယခုကဲ့သို့ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ခြင်းသည် တရားဝင်ပေါ်တာဆွဲရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ခမ်းပါတ်မြို့အမှတ်(၁)ရပ်ကွက်နေ အမျိုးသားတစ်ဦးက MPAကိုပြောသည်။

” အခုလွတ်မြောက်နယ်မြေမှာ မလွတ်မလပ်နေရတော့မှာပေါ့။ အမိန့်ထုတ်တာရော ဟိုနေ့ကဆွဲတာရောဆိုတော့ ပြည်သူအားလုံး စိတ်ထဲတော့လန့်ကြတာပါပဲ။ ဟိုနေ့ကဆွဲတဲ့လူတွေ အကုန်ပြန်လွှတ်ပြီလို့တော့ကြားတယ်။ ဒါပေမဲ့ လွှတ်ပြီးမှ ညမထွက်ရအမိန့် ထုတ်လာပြန်တာလေ “ဟု ၎င်းကဆိုသည်။

ယခုကာလသည် ခရစ်စမတ်ကာလဖြစ်ပြီး ဒေသခံခရစ်ယာန်ဘာသာဝင်များအနေဖြင့် ယခင်က စိတ်လွတ်လပ်စွာပျော်ရွှင်ခဲ့ကြရသော်လည်း လက်ရှိ ညမထွက်ရအမိန့်ကြောင့် အပြည့်အဝမပျော်ရွှင်ရကြောင်း ကနန်စံပြရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

” ပွဲတွင်းတော့ သူတို့(အုပ်ချုပ်ရေးဗဟိုအဖွဲ့) နားလည်ပေးမလားတော့ မပြောတတ်ဘူး။ အခုကတော့ ကိုယ့်အိမ် သူ့အိမ်ထဲမှာဘဲ စားကြသောက်ကြရတော့တာ။ ၁၀ နာရီကျော်မထွက်ရအမိန့်ထုတ်တော့ စိတ်ထဲမပျော်ဘူး “ဟု ၎င်းက ပြောသည်။

တော်လှန်ရေးအဖွဲ့များအနေဖြင့် ယခင်ကလည်း ကမ္မကြီးရွာနှင့် ဘုက္ကန်ကျေးရွာများမှ ပြည်သူများအား တပ်သားသစ်စုဆောင်းရေးပေါ်တာဆွဲခဲ့ဖူးပြီး ယခုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်းပြ ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းသည် ပေါ်တာဆွဲသည့်အပေါ် အကာအကွယ်ယူခြင်းသာ ဖြစ်သည်ဟု ဘုက္ကန်ကျေးရွာနေအမျိုးသားတစ်ဦးကဆိုသည်။

” သူတို့လုပ်ချင်တာလုပ်ဖို့ ကာဗာယူနေတာအသိသာကြီးပါဗျာ။ မူးယစ်ဆေးဝါးဖမ်းချင်လို့တော့ ညမထွက်ရအမိန့်ထုတ်စရာမလိုပါဘူး။ စစ်ရေးကလည်း ဆိုးနေတာမဟုတ်ဘူး။ လိုအပ်ရင်စစ်ဆေး၊ လုပ်တဲ့လူအရေးယူ ​ရှင်းနေတာပဲ”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ(၁၈)ရက်နေ့က ပေါ်တာဆွဲခံရသော ခမ်းပါတ်မြို့ပေါ်မှပြည်သူများအား ပြန်လွှတ်ခြင်းသည်ပင် လိုင်းပေါ်တွင်နာမည်ကြီးသွား၍ဖြစ်ပြီး ယခင်အခြားကျေးရွာများမှ ပေါ်တာဆွဲခံရသော ပြည်သူများကိုမူ ပြန်လွှတ်ပေးခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့အနေဖြင့် ဤအမိန့်ထုတ်ပြန်သည့်နေ့မှစ၍ ၎င်းတို့၏လုပ်ငန်းစဥ်များအား အရှိန်အဟုန်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အမိန့်ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ယင်းညမထွက်ရအမိန့်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့အား မေးမြန်းရန် MPAက အွန်လိုင်းမှတဆင့်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။