ပေါက် ကပစ ၂၄ လျှပ်စစ်မီးတိုင်များ မိုင်းခွဲခံရပြီးနောက် လက်နက်ကြီးနှင့် ဗုံးသီးထုတ်လုပ်မှု ရပ်ဟုဆို

ဓာတ်ပုံ - မြိုင်ပကဖ
ပုံစာ - ကပစ ၂၄သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင်များကို မိုင်းခွဲဖျက်ဆီးခဲ့စဉ်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင်များ မိုင်းခွဲခံရပြီးနောက် လက်နက်ကြီးနှင့် ဗုံးသီးထုတ်လုပ်မှုများ ရပ်သွားကြောင်းသိရသည်။
ဒီဇင်ဘာ ၁၈ရက်၊ ၁၉ရက်နှင့် ၂၀ရက်တို့တွင် ကပစ ၂၄သို့ လျှပ်စစ်မီးပေးနေသည့် ပေါက်နှင့် မြိုင်မြို့နယ်အတွင်းရှိ မီးတိုင် ၁၀တိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း မြိုင်ပကဖထံက သိရသည်။

” မြိုင်ကနေ ၆တိုင်၊ ပေါက်နယ်က ၄တိုင်ပေါ့။ မပြင်ဆင်နိုင်ဘူး။ သူတို့ဘက်က လက်ရှိအခြေအနေ မလာရဲဘူး။ အဲ့နေရာကို။ လက်နက်ကြီးဘာညာထုတ်လုပ်တဲ့ လုပ်ငန်းတို့ ဗုံးထုတ်လုပ်တဲ့ လုပ်ငန်းတို့တော့ ရပ်တန့်သွားမှာပေါ့” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

လက်တလောတွင် ကပစ ၂၄ လျှပ်စစ်မီးရရန်အတွက် ဆိပ်ဖြူကပစ ၂၂နှင့် ၂၃တို့မှ သွယ်တန်း ယူဆောင်နေသည်ဟု ကြားရကြောင်း ၎င်းကပြောသည်။

” ကျနော်တို့ ကြားနေတာ သည့်ပြင်မီလိုင်းနဲ့ ဂျွိုင်းဆွဲနေတယ်လို့ကြားတယ်။ အဲ့ဒါကို ကျနော်တို့ ဆိပ်ဖြူဘက်ကိုလည်း လှမ်းပြီး ညှိုနှိုင်းနေတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ပေါက် ကပစ ၂၄သည် လက်နက်ကြီးနှင့် ဗုံးသီးများအတွက် ကုန်ချောများ ထုတ်လုပ်နေသည့် စက်ရုံဖြစ်သည်။

ဒီဇင်ဘာ ၉ရက်က ယင်းကပစ ၂၄မှ ထွက်သည့် အင်အား ၂၀၀ကျော်ပါ စစ်ကြောင်းသည် ကျွန်းတိုင်း၊ ဂွေးဂုံ၊ စသိန်း၊ ဂဲပင်အင်း၊ ညောင်ရင်းနှင့် ဓာတ်တော်ကျေးရွာတို့မှ နေအိမ်များကို မီးရှို့ ပြီး စားနပ်ရိက္ခာများလည်း လုယက်သွားသည်။