မကွေးတိုင်း ၊ အောင်လံမြို့နယ်တွင် မိုင်းကွင်းလာစစ်သည့် စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အရာရှိတစ်ဦးအပါအဝင် စစ်သား ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်ရှိ လှေတုန်းနှင့် တံခွန်တိုင် ကျေးရွာအကြားရှိ တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းကို လာရောက်စစ်ဆေးသည့် အောင်လံမြို့ အခြေစိုက် ခလရ ၇၁ မှ အင်အား ၂၀ ခန့်ပါ စစ်ကားတစ်စီးကို ဒီဇင်ဘာ ၂၃ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် PDF ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရိုးမဖိုက်တာ စစ်ကြောင်းက ယနေ့(ဒီဇင်ဘာ ၂၅ ရက်) ညပိုင်း၌ သတင်းထုတ်ပြန်သည်။
“စစ်ကြောင်းထောင်ထားတဲ့မိုင်းကွင်းကို သတင်းရလို့ လာစစ်ရင်း ထပ်အဆွဲခံရတာပါဗျ။ ကိုယ့်ဘက်က မိုင်းကွင်းပါဗျ။ မိုင်းကွင်းနားမှာ ကားရပ်ပြီး ခြေလျင်ဆင်းပြီး လာစစ်တဲ့အချိန် မိုင်းကွင်းအလယ်မှာ မိုင်းဆွဲခံရပြီး တိုက်ပွဲဖြစ်တာပါဗျ။ ၁၆ ဦး သေဆုံးပါတယ်ဗျ။ ဗိုလ်လေးအဆင့်အရာရှိတစ်ဦးပါဝင်ပါတယ်။ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးမှာ ရှိတဲ့ ပြည်သူဆီကနေ သိရတာပါဗျ”ဟု ရိုးမဖိုက်တာ စစ်ကြောင်းမှူး ရဲဘော်ဇေကြီးက MPA သို့ပြောသည်။
တိုက်ပွဲအပြီး ဒီဇင်ဘာ ၂၃ ရက်၊ ညနေ ၄ နာရီဝန်းကျင်မှသာ သေဆုံးစစ်သားများကို ရွှေပန်းတောရဲစခန်းနှင့် သမ္ဘူလရဲစခန်းမှ ပူးပေါင်း အင်အားဖြင့် လာသယ်ကာ ရွှေပန်းတောရွာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ရဲစခန်း ၂ခု ကြားထဲမှာဖြစ်တာဗျ။ ကားနဲ့သွားရင် ၂၅ မိနစ်ဝန်းကျင်ပဲ သွားရတဲ့ခရီးမျိုး ပါဗျ။ ချက်ချင်းစစ်ကူ ရောက်လာလို့ အလက်(သေနတ်) မရလိုက်တာပါ။ ပြည်သူတွေ စစ်ရှောင်နေ ရတာမျိုးတော့မရှိဘူးဗျ။ ဒီနေ့ညနေထိ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာမျိုးပဲရှိတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ရိုးမဖိုက်တာစစ်ကြောင်း ၊ နေပြည်တော် တပ်ရင်း ၉၀၂ ၊ ၈၀၄ ၊ သရက်ခရိုင် အမှတ်တစ် တပ်ရင်းနှင့် ဗျူဟာ အမှတ် ၁၇ တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
စစ်သားများ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
