စစ်အုပ်စုဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် မဲရုံများကို တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်မည့်သတင်းကြောင့် လုံခြုံရေး တင်းကျပ်ထားပြီး အနီးသွားလာသူများကို မသင်္ကာပါက ခေါ်ယူစစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း မြို့ခံအချို့က ပြောသည်။
ရွေးကောက်ပွဲအပိုင်း(၁)အတွက် မွန်ပြည်နယ်တွင် ကျိုက်ထို၊ သထုံ၊ ချောင်းဆုံ၊ မော်လမြိုင်တို့တွင် ကျင်းပမည် ဖြစ်ပြီး မြို့နယ်(၅)မြို့နယ်မှ ရပ်ကွက်ကျေးရွာအုပ်စု (၁၅၈)တွင် မဲရုံပေါင်း ၃၃၅ ရုံ ဖွင့်လှစ်ထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
“သူတို့ ကြံ့ခိုင်ရေးပါတီအနိုင်ရနိုင်တဲ့ မဲဆန္ဒနယ်မှာ ပိုပြီး လုံခြုံရေးတင်းကျပ်ထားတာ တွေ့ရတယ်၊ တချို့မဲရုံဆို လုံခြုံရေးတစ်ယောက်မှတောင် မတွေ့တာလည်း ရှိတယ်၊ အမြဲတမ်းစောင့်ကြည့်နေတာ သူတို့ ပွဲကို ဖျက်ဆီးမှာကို ကြောက်တော့လေ၊ အခုက သတင်းလည်းထွက်နေတာ ဒရုန်းတိုက်ခိုက်မယ်လေ၊ အဲဒါကြောင့် လုံခြုံရေး ပိုတိုး ထားတာ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက MPA ကို ပြောသည်။
ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလို မဲရုံများတွင် အရန်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် များက လုံခြုံရေးရယူထားသော်လည်း စစ်သား၊ ရဲတပ်ဖွဲ့ဝင်များက တခါတရံလာရောက်ကြည့်ရှု့စစ်ဆေးမှုများ သာ ပြုလုပ်လေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။
သို့သော် ရွေးကောက်ပွဲကျင်းပမည့်ရက်တွင် မဲရုံလုံခြုံရေးအတွက် ရဲ၊ စစ်သား၊ အရန်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်၊ ပျူစောထီး၊ မဲရုံစောင့် ရဲဝန်ထမ်းတို့ဖြင့် မဲရုံတစ်ရုံကို စုစုပေါင်း ၁၀ ဦးမှ ၂၀ ဦးဝန်းကျင် အသုံးပြုသွားမည် ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။
ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မဲပေးစက်များကို လတ်တလော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၊ မြို့နယ်ရွေးကော်နှင့် ရုံးအချို့တွင် သိမ်းဆည်းထားသော်လည်း ဒရုန်း၊ လက်နက်ကြီးနှင့် ဝင်ရောက်တိုက်ခိုက်မှုများ မရှိစေရေးကို Jummar စက်များကို တပ်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။
“ရုံးထဲအဝင်အထွက်ကအစ ပိုပြီးစစ်ဆေးနေတယ်၊ ရုံးနားတွေမှာ ယောင်လည်လည်လုပ်နေရင် တခါတည်းပဲ ခေါ်ယူ စစ်ဆေးဖို့ အမိန့်ပေးထားတယ်၊ နောက်ဆုံး ဖမ်းချုပ်ထားလိုက်၊ ပြီးရင် ပြန်ရှင်းပေါ့၊ အဲလောက်အထိ ညွှန်ကြား ထားတယ်” ဟု ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရွေးကောက်ပွဲကာလမတိုင်ခင်ကတည်းက လုံခြုံရေးတင်းကျပ်ထားသည့် မြို့အဝင်အထွက်နေရာများတွင် အင်အား လိုအပ်ပါက ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်များကို အသုံးပြုသွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
“ပုံမှန်အတိုင်း လုံခြုံရေးယူပေးတာက တစ်ပိုင်း၊ ကင်းပုန်းဝတ်တာ ကြိုတင်နေရာယူပြီး ကင်းပုန်းချထားတာက နေရာတိုင်းတော့ မဟုတ်ဘူး၊ ကင်းပုန်းက လွန်ခဲ့တဲ့ ရက်ကတည်းက စယူနေပြီး” ဟု ကျိုက်ထို မြို့မ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မွန်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတဦးအပါအဝင် နိုင်ငံရေးပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၆ ဦး ဝင်ပြိုင်မည်ဖြစ်သည်။
မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ ၆ သိန်းကျော်ရှိသည့် မွန်တွင် အများစုက စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု မရှိကြောင်း စစ်တမ်းများအရ သိရသည်။
အဆိုပါရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများအပါအဝင် အနောက်နိုင်ငံအချို့၊ အာဆီယံနှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့က အသိအမှတ်ပြုလက်ခံမည်မဟုတ်ကြောင်း ပြောဆိုထားကြသည်။
