ရန်ကုန်တွင် ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲ နေဆဲဖြစ်သည်ကို သတိပြုရန် Rangoon Scout Network-RSN က ဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ၄၄မြို့နယ်(ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နံနက်တစ်နာရီမှ နံနက်၃နာရီအတွင်း ညမထွက်ရအမိန့်ကို ဒီဇင်ဘာ၂၇ရက် နံနက်မှ စတင်ကာ ရုပ်သိမ်းလိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ယင်းရုပ်သိမ်းမှုနှင့် ပတ်သက်ပြီး RSN တာဝန်ရှိသူတစ်ဦးက “ညမထွက်ရအမိန့်သာ ရုပ်သိမ်းလိုက် တာ စစ်မှုထမ်းသင်တန်းက လုပ်နေဆဲပါ။ လတိုင်း လူလိုနေဆဲဆိုတော့ လိုက်ဆွဲမှာပါပဲဗျ။ လုပ်နေ ကျအတိုင်း လူပြတ်ချိန်တွေ၊ ညမှောင်ချိန်တွေမှာ လိုက်ချောင်းပြီး ဆွဲနေကြဦးမှာပါပဲ”ဟု MPAသို့ ပြောသည်။
ယခင် ညမထွက်ရအမိန့် ရှိနေစဉ်ကလည်း ရန်ကုန်မြို့တော်အတွင်း ကလပ်၊ဘားနှင့်မာဆက်များဆီ သို့ ညဘက်သွားကာ ပျော်ပါးနေကြသော စစ်အုပ်စုအသိုင်းအဝိုင်းဝင်များမှာမူ ဖမ်းဆီးခံရခြင်းမရှိ ကြောင်းနှင့် ညဘက်အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သည့် သာမန်ပြည်သူ လူငယ်များသာ ဖမ်းဆီးခံရလေ့ရှိကာ အထူးသဖြင့် ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်များ၌ ဖမ်းဆီးမှုပိုများကြောင်း သိရသည်။
“မနက် တစ်နာရီကနေ ၃ နာရီထိ မထွက်ဖို့ ပြောထားတုန်းကတောင် လူတွေက ည ၁၀ နာရီလောက် ထဲက သိပ်မထွက်ကြတော့ပါဘူး။ ခုလည်း လူတွေ ဆင်ခြင်ကြမှာပါ။ သတိမလွတ်မိကြဖို့ပဲ မှာချင်ပါ တယ်ဗျ၊ စစ်မှုထမ်းအတွက် လူတွေလိုနေတာမို့ လိုက်ဆွဲနေကြဦးမှာ မို့လို့ပါ”ဟု ၎င်းက ဆက်လက် ပြောသည်။
ရန်ကုန်မြို့တွင် ဒီဇင်ဘာ၁၅ရက်မှ ၂၁ရက်အတွင်း လမ်းမပေါ် သွားလာနေစဉ် ဖမ်းဆီးခံရသူ ၅ ဦး၊ လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၈ ဦးနှင့် ရှောင်တခင်စစ်ပြီး ဖမ်းဆီးခံရသူ ၂ ဦးတို့ရှိသည်ဟု သိရ ကြောင်း RSN က ထုတ်ပြန်ထားသည်။
စာတည်း-ML
