မောင်တောင်မြို့တွင် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင့်ကြောင်း ဆန္ဒထုတ်ဖော်

တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့တွင် စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်းနှင့် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲသည်။

အဆိုပါ ဆန္ဒပြပွဲကို မြို့ခံလူငယ်အချို့က ဦးဆောင်ခဲ့ပြီး လူထုသပိတ်စစ်ကြောင်းသည် မောတောင်မြို့ မိန်းလမ်းမကြီးတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများက “ရွေးကောက်ပွဲသည် ထွက်ပေါက်မဟုတ်၊ ထောင်ချောက်ဖြစ်သည်” ဟူသော စာသားများပါရှိသည့် ဘန်နာများကို ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဟစ်ကြွေးခဲ့ကြသည်။

သပိတ်ဦးဆောင်သူ လူငယ်တစ်ဦးက “ကျွန်တော်တို့ မောတောင်သားတွေဟာ ၂၀၂၁ အာဏာသိမ်းကတည်းက စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တာပါ။ အခုလည်း စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိလို့ ဆန္ဒပြတာဖြစ်ပါတယ်။ ပြည်သူတွေအားလုံး ပူးပေါင်းပြီး မဲမထည့်ကြဖို့ တိုက်တွန်းချင်ပါတယ်၊ ဒါမှ သူတို့ကို ဘယ်သူမှ အသိအမှတ်မပြုမှာပါ။ စစ်အာဏာရှင် သက်ဆိုးမရှည်ဖို့နဲ့ ထွက်ပေါက်မရဖို့ အားလုံး ဆန့်ကျင်ကြပါ” ဟု ပြောကြားခဲ့သည်။

ယင်းက မောတောင်မြို့သည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည့်အတွက် ယခုအခါ ပြည်သူများအနေဖြင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရရှိလာခြင်းဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

မောတောင်မြို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုဆန္ဒပြပွဲသည် မြို့သိမ်းပိုက်ပြီး နှစ်လအတွင်း ပြည်သူများ လမ်းပေါ်ထွက်၍ ပထမဆုံးအကြိမ် နိုင်ငံရေးသဘောထား ထုတ်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။