ကမ္ဘောဒီးယားနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ ထိုင်းကာကွယ်ရေးဝန်ကြီး တက်ရောက်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

Reuters

ကမ္ဘောဒီးယားနိုင်ငံနှင့် ပြုလုပ်နေသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ ယနေ့ ဒီဇင်ဘာ ၂၇ ရက်တွင် ကာကွယ်ရေးဝန်ကြီး တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ် က ပြောကြားသည်။

နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ သဘောတူညီမှု ရရှိခဲ့ပါက ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကူညီစေ့စပ်ပေးမှုဖြင့် ရရှိခဲ့သော ယခင်သဘောတူစာချုပ်နှင့်အညီ နှစ်နိုင်ငံလုံးက ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းအနုတင်က ဆိုသည်။

“အရေးကြီးတာက နှစ်နိုင်ငံလုံးအနေနဲ့ အပြန်အလှန် ခြိမ်းခြောက်တာ၊ ထိပါးတာနဲ့ လှုံ့ဆော်တာတွေ မလုပ်ဖို့၊ ပြီးတော့ နှစ်နိုင်ငံကြား ရန်လိုမုန်းထားမှုတွေကို လျှော့ချဖို့ ပေးထားတဲ့ ကတိစကားတွေကို တည်ရပါမယ်” ဟု အနုတင်က ဘန်ကောက်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကမူ ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။

နှစ်နိုင်ငံကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၄ ရက်နေ့မှစတင်ကာ နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခုတွင် ဆွေးနွေးပွဲများ ပြုလုပ်နေကြ သည်။

ဒီဇင်ဘာလအစောပိုင်းတွင် နယ်စပ်ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားပြီးမှ နှစ်ဖက်စလုံးမှ ၉၈ ဦး ထက်မနည်း သေဆုံးခဲ့ကာ လူပေါင်း ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည်။

နှစ်ဖက် အပစ်အခတ်ရပ်စဲရန် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်အစိုးရတို့ကပါ တောင်းဆိုထားသည်။