မွန်တွင် တရားဝင်ပြည်ပရောက်နေသူ ၁၀သိန်းခန့်ရှိသော်လည်း ကြိုတင်မဲပေးသူ ၈၀ကျော်သာ ရှိ

မွန်ပြည်နယ်အတွင်း တရားဝင် ပြည်ပရောက်နေသူ ၁၀သိန်းဝန်းကျင်ရှိသော်လည်း ကြိုတင်မဲပေးသူ ၈၄ဦးသာ ရှိကြောင်း သိရသည်။

ဒီဇင်ဘာ၂၅ရက်က မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံ ခြားရောက်မဲဆန္ဒရှင်တို့၏ ကြိုတင်မဲများကို ဖွင့်ဖောက်ခဲ့ရာ ကြိုတင်မဲပေးရန် အဆိုပြုသူ ၁၀၄ဦးရှိ သည့်အနက် ၈၄ဦးက မဲပေးခဲ့ကြောင်း ဒေသတွင်းစစ်ကော်မရှင်ဝါဒဖြန့်ချန်နယ် ရာမညတိုင်းမ်က ဖော်ပြသည်။

“၂၀၂၀ရွေးကောက်ပွဲမတိုင်ခင်က ကျနော်တို့မြေပြင်ဆင်းပြီးလုပ်ခဲ့တဲ့ စစ်တမ်းအရ သထုံမှာ မဲပေးခွင့်ရှိသူ ၃သိန်းဝန်းကျင်ရှိတယ်။အဲဒီအချိန်က ပြည်ပကို တရားဝင်သွားနေတဲ့ မဲပေးခွင့်ရှိသူ တစ်သိန်းခွဲလောက်ရှိတယ်။အဲဒီအချိန်က သထုံတစ်မြို့တည်းက ပြည်ပကိုတရားဝင်သွားနေတဲ့နှုန်းနဲ့ အခုမွန်ပြည်နယ် ၁၀မြို့နယ်က ပြည်ပသွားနေတဲ့နှုန်း ကို တွက်ကြည့်လိုက်ရင် ပြည်ပရောက်နေတာ ၁၀သိန်းကတော့ အသာလေးပဲ”ဟု မွန်ပြည်နယ် ပကဖ၊ဒုတာဝန်ခံ စောထူးအောင်က MPAသို့ပြောသည်။

မွန်ပြည်နယ်သားတို့မှာ ထိုင်းနိုင်ငံသို့ အများဆုံးသွားကြပြီး ဒုတိယမှာ မလေးရှားဖြစ်ကာ ယင်း၏ နောက်တွင် ကိုရီးယားနှင့် ဂျပန်တို့ဖြစ်ကြောင်း သိရသည်။

ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက “ရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲတွေကို လုပ်ထုံးလုပ်နည်းအရ မလွှဲသာလို့ ကြေညာရတာ။တစ်ပြည်နယ်လုံးပေါင်းတာတောင် ကြိုတင်မဲက ၁၀၀မပြည့်ဘူးဆိုတာ ကိုယ့်အရှက်ကိုယ်ပြန်ခွဲသလိုပါပဲ။ဒီရွေးကောက်ပွဲကို ပြည်သူတွေ ဘယ် လောက်ထောက်ခံသလဲဆိုတာ ကြိုတင်မဲအရေအတွက်ကို ကြည့်လိုက်ရင် သိသာတယ်”ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မွန်ပြည်နယ်အတွင်း ပြည်ပထွက် အလုပ်လုပ်မှု ပိုများခဲ့ပြီး စစ်မှုထမ်းဥပဒေကို အဓမ္မပြဌာန်းပြီးနောက် ပြည်ပထွက်မှု ပို၊ပိုများသွားကြောင်း သိရသည်။

“မနှစ်တုန်းက စစ်မှုထမ်းကိစ္စ ကျနော်တို့ဆီမှာ တော်တော် Hot လာတော့ ကြံ့ဖွံ့အသိုင်းအဝိုင်းက လူငယ်တွေတောင် ကြောက်ပြီး ပြည်ပ လစ်ကုန်တယ်။ဒီကနေသွားကြတာ အောက်လမ်းကဆိုပေ မဲ့ ထိုင်းရောက်ရင် တရားဝင်လက်မှတ်ရအောင် လုပ်ကြတော့ တရားဝင်တွေ ဖြစ်ကုန်တယ်။ အခု နိုင်ငံ ခြားရောက်နေတာ ၁၀သိန်းကျော်နိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ဒီဇင်ဘာ၂၈ရက်တွင် တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊မော်လမြိုင်နှင့်သထုံမြို့နယ်တို့၌ ပြုလုပ်သွားမည်ဖြစ်သည်။

စာတည်း-ML