သမ္မတ ဗလာဒီမာ ပူတင်၏ နေအိမ်တစ်လုံးအား ယူကရိန်းက ဒရုန်းအစင်းပေါင်းများစွာဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရုရှားက ဒီဇင်ဘာ ၂၉ တွင် စွပ်စွဲမှုအပေါ် ယူကရိန်းက ငြင်းဆိုလိုက်သည်။
ဒရုန်းတိုက်ခိုက်မှု သတင်းများကို ထုတ်ပြန်လေ့မရှိသော ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ဒီဇင်ဘာ ၂၈ ရက်နေ့ညနှောင်းပိုင်းမှ ၂၉ရက်နေ့ အစောပိုင်းအတွင်း နော့ဗ်ဂေါရော့ဒ် ဒေသရှိ ပူတင်၏ နေအိမ်သို့ ယူကရိန်းက “အဝေးထိန်း ဒရုန်း ၉၁ စင်း” ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ၎င်းတို့အားလုံးကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းက ယင်းစွပ်စွဲချက်သည် အမေရိကန် ဦးဆောင်သည့် စစ်ပွဲရပ်တန့်ရေး ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်သည့် “မုသားစကား” သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
“နိုင်ငံတော်အဆင့် အကြမ်းဖက်ဝါဒကို ကျင့်သုံးလာတဲ့ ရာဇ၀တ်ကောင် ကိဗ်အစိုးရရဲ့ လုံးဝယိုယွင်းပျက်စီးလာမှုအပေါ် မူတည်ပြီး ရုရှားရဲ့ စေ့စပ်ညှိနှိုင်းရေး ရပ်တည်ချက်ကို ပြန်လည်သုံးသပ်သွားမှာ ဖြစ်ပါတယ်” ဟု လာဗရော့ဗ်က အသေးစိတ် ပြောကြားခြင်းမရှိဘဲ ဆိုခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှား၏ စွပ်စွဲချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်ပြားစေရန် လုပ်ကြံဖန်တီးထားသည့် “လုံးဝအခြေအမြစ်မရှိသော လုပ်ရပ်” သာဖြစ်ကြောင်းနှင့် ရုရှားအနေဖြင့် ယူကရိန်းအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်အောင် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
“သမ္မတထရန့်ရဲ့ အဖွဲ့နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ထားတဲ့ သံတမန်ရေးရာ အောင်မြင်မှုအားလုံးကို ထိခိုက်စေဖို့ ရုရှားက အန္တရာယ်ရှိတဲ့ ထုတ်ပြန်ချက်တွေကို သုံးပြီး တစ်ကျော့ပြန် ကြိုးပမ်းနေတာဖြစ်ပါတယ်” ဟု ဇလန်းစကီးက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
စစ်ပြီးခေတ် လုံခြုံရေး အာမခံချက်များ အပါအဝင် အမေရိကန်က ရေးဆွဲထားသော ငြိမ်းချမ်းရေး အစီအစဉ်၏ ၉၀ ရာခိုင်နှုန်းကို သဘောတူညီခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းက ပြောကြားထားသော်လည်း စစ်ပြီးနောက်ပိုင်း နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်မှာမူ ပြေလည်ခြင်း မရှိသေးပေ။
အမေရိကန်၏ အစီအစဉ်အပေါ် မည်သည့်အပိုင်းများကို သဘောတူသည်ဆိုသည်ကို နှုတ်ဆိတ်နေသည့် ရုရှားက ယခု ဒရုန်းတိုက်ခိုက်မှုကြောင့် ၎င်းတို့၏ ရပ်တည်ချက်ကို “ပြန်လည်ပြင်ဆင်” သွားမည်ဟု ဆိုသည်။
