ပြိုင်တိုင်းရှုံးနေသဖြင့် ချောင်းဆုံပြည်သူများကို ကြံ့ဖွံ့ ဒေါသူပုန်ထ၊ အနိုင်ရ မွန်အမတ် ၂ ဦးကို ကန့်ကွက်လွှာတင်ရန် ကြံ့ဖွံ့ ပြစ်ချက် လိုက်ရှာနေ

ဓာတ်ပုံ-လူမှုကွန်ရက်

ရွေးကောက်ပွဲပြိုင်တိုင်း ရှုံးနေသဖြင့် ချောင်းဆုံပြည်သူများကို ကြံ့ဖွံ့က ဒေါသူပုန်ထနေကြောင်း ဒေသခံများထံက သိရသည်။

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်တွင် ငွေအင်အား၊လူအင်အား၊စည်းရုံးရေးအင်အားနှင့် ဒေသအာဏာ ပိုင်တို့၏ ဗြောင်ကျကျကူညီပံ့ပိုးမှုအသာတို့ဖြင့် တရားမဝင်ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ကြံ့ဖွံ့ပါတီ သည် ချောင်းဆုံမဲဆန္ဒနယ် ၃နေရာအနက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဝင်ပြိုင်သည့် ပြည်နယ်လွှတ် တော် တစ်နေရာသာလျှင် သံသယဖြစ်ဖွယ်နောက်ကျမဲများဖြင့် အနိုင်ရခဲ့၍ ဒေသခံကြံ့ဖွံ့များက ပေါက်ကွဲနေကြကြောင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံထံက သိရသည်။

“ချောင်းဆုံမှာ ၂၀၁၀ကတည်းက ကြံ့ဖွံ့ရှုံးလာတာ အစဉ်အလာမပျက် အခုလည်း ထပ်ရှုံးပြန်တာပဲ။ ၂၀၁၀တုန်းက ချောင်းဆုံမှာ ကြံ့ဖွံ့တစ်နေရာနိုင်တာကလည်း အခုလို ဘယ်လိုမှ မယုံကြည်ရတဲ့ နောက်ကျမဲနဲ့ပဲ”ဟု ၎င်းက MPAသို့ပြောသည်။

၂၀၁၀ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ၃နေရာ၊ ကြံ့ဖွံ့ တစ်နေရာ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် NLDပါတီ ၃နေရာ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တစ်နေရာ၊ ၂၀၂၀ရွေး ကောက်ပွဲတွင် NLDပါတီ ၃နေရာ၊ မွန်ညီညွတ်ရေးပါတီ တစ်နေရာ အနိုင်ရခဲ့ကြပြီး ၂၀၁၇ခုနှစ်ကြား ဖြတ်ရွေးကောက်ပွဲတွင်သာ ကြံ့ဖွံ့အနိုင်ရခဲ့သည်။

“၂၀၁၇ကြားဖြတ်တုန်းက တံတားကိစ္စ ပြဿနာဖြစ်ခဲ့တာရော၊ NLDပါတီထဲမှာလည်း အမတ် လောင်းရွေးတာ အချင်းချင်း မသင့်မမြတ်ဖြစ်ကြတာရော၊ မွန်ပါတီက ကြားဖြတ်ဝင်ပြိုင်တဲ့ အမတ် လောင်းကလည်း သူလိုကိုယ်လိုလူ ဖြစ်နေတာရောပေါ့။အဲဒါကြောင့် ၂၀၁၇ကြားဖြတ် ပြည်သူ့လွှတ် တော်နေရာ ကြံ့ဖွံ့ နိုင်ခဲ့တယ်။အဲတုန်းက နိုင်တာ အခုဝကခ(မွန်ပြည်နယ်ဝန်ကြီးချုပ်)အောင် ကြည်သိန်းပါ။အဲတစ်ကြိမ်ပဲ ကြံ့ဖွံ့က ရိုးရိုးသားသားနိုင်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဒီဇင်ဘာ၂၈ရက် တရားမဝင်ရွေးကောက်ပွဲတွင် ချောင်းဆုံပြည်သူ့လွှတ်တော်နေရာက ဝင်ပြိုင်ပြီး ရှုံး နိမ့်သွားသည့် ကြံ့ဖွံ့အမတ်လောင်း မျိုးဝင်းသည် လက်ရှိ ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်ပြီး အနိုင်ရ မွန်ညီညွတ်ရေးပါတီအမတ်လောင်း၂ဦးကို ကန့်ကွက်လွှာတင်ရန် ပြစ်ချက်လိုက်ရှာ နေပြီဖြစ်ကြောင်း အဝေးရောက်ချောင်းဆုံသားတစ်ဦးက ပြောသည်။

“အခု ထွေအုပ် ဇော်နိုင်ဝင်း(ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး)နဲ့ မျိုးဝင်းတို့က နိုင်သွားတဲ့ မွန်အမတ် ၂ယောက် စည်းရုံးရေးဆင်းတဲ့ကာလတုန်းက ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ထားတာ ဘာရှိသ လဲ။သူတို့ကိုယ်ရေးရာဇဝင်မှာ ငြိစွန်းတာဘာရှိသလဲဆိုတာ လိုက်ရှာနေပြီလို့ သူတို့ကြံ့ဖွံ့တွေ ပြော တာသိရတယ်”ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲရှုံးသွားသည့် မျိုးဝင်းသည် ချောင်းဆုံမြို့နယ်ကြံ့ဖွံ့ဥက္ကဌဖြစ်ပြီး တရားမဝင်မွန်ဝန်ကြီး ချုပ်၏ အစီအမံအရ ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာကာ ချောင်းဆုံမြို့နယ်အုပ်ချုပ် ရေးမှူးဇော်နိုင်ဝင်းနှင့်ပေါင်းကာ အကြီးအကျယ်လာဘ်စားနေသူဖြစ်ကြောင်း သိရသည်။

“ဇော်နိုင်ဝင်းနဲ့ မျိုးဝင်း ချောင်းဆုံသားတွေကို လည်မျိုညှစ်ပြီး လာဘ်စား ချက်က လူတိုင်းသိတယ်။ ဒါတောင် မျိုးဝင်းက ဒီကျွန်းမှာမွေးတဲ့ ခလော့ခနိုင်းရွာသား။ငွေနဲ့ပတ်သက် ရင် တွေ့မရှောင်တွေ။ အဲဒါကြောင့် ရွေးကောက်ပွဲရှုံးတာ။ချောင်းဆုံသားတွေ ပုံစံဝိုင်းပေးလိုက်တာ” ဟု ချောင်းဆုံမြို့နယ်၊ ပလိုင်ဝမ်းရွာသားတစ်ဦးက ပြောသည်။

လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းသည် မွန်ပြည်နယ်ကြံ့ဖွံ့ဥက္ကဌဖြစ်ပြီး လာမည့် တရားမဝင်အစိုးရသစ်လက်ထက်တွင်လည်း ဝန်ကြီးချုပ် ဆက်ဖြစ်မည်ဟု သတင်းထွက်နေကြောင်း နှင့် ယင်းကြောင့် မနိုင်နိုင်အောင် နောက်ကျမဲများ ရောက်လာခြင်းဖြစ်နိုင်ကြောင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံက ဆိုသည်။
“၂၀၁၀တုန်းကလည်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဌဆိုပြီး ဦးကျင်ဖေကို ရွေးထားတယ်။အဲဒါကြောင့် ချောင်းဆုံ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲမှာ ဦးကျင်ဖေ မနိုင်နိုင်အောင် ဘယ်ကမှန်းမသိတဲ့မဲ တွေ ရောက်လာခဲ့တာ။အခု အောင်ကြည်သိန်းလည်း ထိုနည်း၎င်းပဲ”ဟု ၎င်းက ပြောသည်။

အောင်ကြည်သိန်းသည် မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်(FPTP-မဲအများဆုံးရ သူအနိုင်)မဲဆန္ဒနယ်မှ ကြံ့ဖွံ့အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ည၁၀နာရီခွဲကျော်မှ တက်လာသည့် နောက်ကျ မဲဖြင့် မဲ၅၀၀ အသာရကာ မွန်ညီညွတ်ရေးပါတီအမတ်လောင်းကို အနိုင်ရ ခဲ့သည်။

ကြံ့ဖွံ့ ပြည်သူ့လွှတ်တော်အမတ်လောင်း မျိုးဝင်းမှာ မွန်ညီညွတ်ရေးပါတီအမတ်လောင်း မင်းစိုးသူ ကို မဲ ၂၀၀၀ အကွာဖြင့် ရှုံးနိမ့်ခဲ့ပြီး ကြံ့ဖွံ့ အမျိုးသားလွှတ်တော်အမတ်လောင်းတင်ကိုကို မှာ မွန်ညီညွတ် ရေး ပါတီ အမတ်လောင်း နိုင်အမ်ချမ်းမွန်(ခ)မင်းစိုးခိုင်ကို မဲ၁၅၀၀အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။

တရားမဝင် ရွေးကောက်ပွဲအပိုင်းတစ်ကို မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ကျိုက်မရော၊ချောင်းဆုံ၊ မော်လ မြိုင်နှင့် သထုံမြို့နယ်တို့တွင် ပြုလုပ်ခဲ့ရာ ချောင်းဆုံမှအပ ကျန်မြို့နယ်အားလုံး၌ ကြံ့ဖွံ့အနိုင် ရခဲ့သည်။