မွန်ပြည်နယ်၊ သထုံမြို့နယ်က မဲရုံတစ်ခုတွင် မဲရုံအတွင်းဝင်ရောက်ပြီး ပြည်သူ့ပါတီကို ဆန္ဒမဲထည့်ရန် ပြောဆိုခဲ့သည်ဟုဆိုကာ အမျိုးသမီးနှစ်ဦးကို စစ်ကော်မရှင်က အမှုဖွင့်အရေးယူခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။
ယမန်နေ့( ဒီဇင်ဘာလ ၂၈ ရက် )က စစ်အုပ်စုကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သည့် သထုံမြို့နယ် မရမ်းကုန်းကျေးရွာ မဲရုံတွင် ဆန္ဒမဲလာထည့်ကြသည့် ပြည်သူများကို ပြည်သူ့ပါတီကို မဲထည့်ရန်ပြောဆိုခြင်း၊ ကူညီပေးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် မဲရုံမှူးများနှင့် ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည
“သူတို့က ပါတီဝင်တွေ ဟုတ်၊ မဟုတ်တော့ သေချာမသိဘူး၊ စာသင်ကျောင်းထဲရှိတဲ့ မဲရုံထဲကို ဝင်လာပြီး ပြောတာပေါ့၊ သူတို့ပါတီကို မဲထည့်ဖို့လေ၊ ပြီးတော့ ဖုန်းဆက်နေတာ အဲဒါကို မဲရုံမှူးတွေက တားမြစ်တော့ စကားများကြတယ်” ဟု ဖြစ်စဉ်ကို သိရှိထားသည့် သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
ယခုဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦးသည် မရမ်းကုန်းကျေးရွာနေ အသက် ၄၀ အရွယ်ရှိကြသည့် ဒေါ်ခင်မာဝေနှင့် ဒေါ်ခင်မိုးလှိုင်တို့ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် သိမ်ဇရပ်မြို့ရဲစခန်းတွင် ရွေးကောက်ပွဲများ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ (က)ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သိရသည်။
“အခုသူတို့ကို သထုံရဲစခန်းမှာ ဖမ်းဆီးထားတာပဲ သိထားတယ်၊ ပြောနေကြတာတော့ ပြည်သူ့ပါတီက လူတွေပဲ” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါဖမ်းဆီးအမှုဖွင့်ခံထားရသည့် အမျိုးသမီးနှစ်ဦးသည် ပြည်သူ့ပါတီဝင် ဟုတ်၊ မဟုတ် သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးသလို သထုံမြို့နယ်ပြည်သူ့ပါတီတာဝန်ရှိသူများထံ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
လက်ရှိ သထုံမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ပြည်သူ့၊ အမျိုးသားလွှတ်တော် နေရာများတွင် အနိုင်ရရှိထားကြောင်း ရွေးကော်နှင့် နီးစပ်သူက ပြောသည်။
ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါသည့် သထုံမြို့နယ်တွင် မဲရုံ ၈၀ ဝန်းကျင်ဖွင့်ခဲ့ပြီး မဲဆန္ဒရှင်ဦးရေ ၈၆၀၀၀ ကျော် အနက် ထက်ဝက်ခန့်သာ မဲပေးခဲ့ကြောင်း သိရသည်။
