ဒေါ်ကြည်ပြာနှင့် ဦးညီညီမင်းတို့အမှု စုံစမ်းစစ်ဆေးမှုရလဒ် ထုတ်ပြန်ပေးရန် တော်လှန် LGBTQ+ အင်အားစုများ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဟောင်း ဒေါ်ကြည်ပြာနှင့် ၎င်း၏ခင်ပွန်း ဦးညီညီမင်းတို့အပေါ် တိုင်ကြားထားသည့် အမှုကိစ္စနှင့်ပတ်သက်၍ တရားမျှတမှု အမြန်ဆုံးဖော်ဆောင်ပေးရန် တော်လှန် Queers အင်အားစု များမှ ယနေ့ (ဇန်နဝါရီ ၂ ရက်) တွင် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

အဆိုပါ ကြေညာချက်ကို Myanmar Rainbow Political Community (MRPC)၊ Queers of Burma Alternative (QBA)၊ Spectrum Alliance of Gender Equity (SAGE) နှင့် Asia Youths Association (AYA) တို့ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်ကြည်ပြာနှင့် ဦးညီညီမင်းတို့သည် လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပြုမှုများအပြင် ဝန်ထမ်းများနှင့် တော်လှန်ရေးအစိုးရအပေါ် လွှမ်းမိုးခြယ်လှယ်မှုများ ရှိနေသည်ဟုဆိုကာ ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း ၁၂ ဦးက NUGထံ တိုင်ကြားထားခြင်းဖြစ်သည် ။

“လက်ရှိမှာ NUG အနေနဲ့လည်း သူတို့ ကတိပြုထားတဲ့ ကာလထက်ကို ကျော်လွန်နေပေမယ့် ဒီအမှုအတွက် တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးဘူး။ ဒီကာလမှာ အမျိုးသား၊ အမျိုးသမီးတွေအတွက်တောင် တရား မျှတမှုရရှိဖို့ မလွယ်ကူဘူးဆိုရင် ကျတော်တို့ LGBTQ+ တွေအတွက်ဆိုရင် တရားမျှတမှုရရှိဖို့ ပိုပြီး လက်လှမ်းဝေးပါလိမ့်မယ်။ ဒါကြောင့် ကျတော်တို့ LGBTQ+ တွေအနေနဲ့က တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဥ်တွေအတွက် ပါဝင်ပေးဖို့လိုတယ်။ တိုက်တွန်းနှိုးဆော်ပေးဖို့လိုတယ်။ အမှန်တရားဘက်မှာ ရပ်တည်နေဖို့လိုအပ်ပါတယ်။ ” ဟု Queers အင်အားစု မှ ကိုဇင်ကိုက ဆိုသည်။

ယင်းတိုင်ကြားမှုနှင့်ပတ်သက်၍ NUG အစိုးရက အဖွဲ့ဝင် (၅) ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တစ်လအတွင်း စစ်ဆေးဆောင်ရွက်ကာ အမှန်တရားဖော်ထုတ်ပေးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း သတ်မှတ်ကာလဖြစ်သည့် ဒီဇင်ဘာ ၂၂ရက်နေ့ ကျော်လွန်သည်အထိ စစ်ဆေးတွေ့ရှိချက်များနှင့် ဖြေရှင်းချက်များကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ခြင်းမရှိသေးကြောင်း တော်လှန် Queers အင်အားစုက ထောက်ပြထားသည်။

” တော်လှန်ရေးထဲမှာ LGBTQ+ အခွင့်အရေးလုပ်တဲ့အဖွဲ့ တွေအနေနဲ့ ဒါမျိုးကို ရပ်ကြည့်မနေသင့်တဲ့အတွက် ဒီလို ထုတ်ပြန်ချက်မျိုးကိုကြိုဆိုရမယ်။ အခြား အသံပိတ်နေတဲ့ အဖွဲ့အစည်းတွေလဲ စစ်ဆေးမှုကြန့်ကြာနေတာဘာကြောင့်လဲ။ တရားမျှတမှုမရှိဘူးထင်ရင် အခုလိုမျိုး ပြည်သူအစိုးရ NUG ကိုမေးခွန်းထုတ်သင့်တယ်။ ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

တော်လှန် Queers အင်အားစုများ၏ ကြေညာချက်တွင် တိုင်ကြားသူများနှင့် သက်သေများကို ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုများ မရှိစေရန် တရားဝင် အာမခံချက်ပေးရေး ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် NUG အစိုးရအဖွဲ့ဝင်များသာမကဘဲ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လွတ်လပ်သော ပညာရှင်များကိုပါ ထည့်သွင်းဖွဲ့စည်းပေးရေး ၊စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်အခြေအနေနှင့် အချိန်ဇယားများကို အများပြည်သူသိရှိနိုင်ရန် ပုံမှန်ထုတ်ပြန်ပေးရန် NUG အစိုးရကို တိုက်တွန်းထားသည်။

“တောင်းဆိုထားတာက တရားမျှတမှုဖော်ဆောင်ရေးကိုပဲ တောင်းဆိုထားကြတာဆိုတော့ Queers (LGBTQ+) အသိုင်းအဝိုင်းက အခုလိုအသံထုတ်လာပြီး နိုင်ငံရေးကိုတက်ကြွစွာပါဝင်လာတဲ့အတွက်ကြိုဆိုပါတယ်။ ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သည် ဒေါ်ကြည်ပြာ ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပေးမှုမရှိသည့်အပြင် မူလတိုင်ကြားထားသူ ၁၂ ဦးကို ဒေါ်ကြည်ပြာဘက်မှ တန်ပြန်တိုင်ကြားထားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် တိုင်ကြားစာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြန်လည် စစ်ဆေးရန် စာပို့အကြောင်းကြားလာမှု ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်များက MPA သို့ ပြောသည်။

ဒေါ်ကြည်ပြာမှ ၎င်းတို့ ၁၂ဦးကို တန်ပြန်တိုင်ကြားရာ၌ အစိုးရ၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ နိုင်ငံတော်နှင့် အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၏ လုံခြုံရေးကို ထိခိုက်စေခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကို အကြည်အညိုပျက်အောင်ပြုခြင်း၊ လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို ထိခိုက်နစ်နာစေခြင်း၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းနှင့် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းမပြုမီ အပြစ်မဲ့သူဟု မှတ်ယူရမည်ဟူသည့် လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ခြင်းတို့ဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

စာတည်း-ကိုဆန်း