ဒီဘက်ခေတ် လောကကြီးကို ကြည့်လိုက်ရင် လက်နက်သံတွေ၊ အမုန်းတရားတွေနဲ့ ပဋိပက္ခတွေက ဖုံးလွှမ်းနေတော့ “ငြိမ်းချမ်းရေး” ဆိုတဲ့ အသံဟာ တဖြည်းဖြည်းနဲ့ တိုးသိမ်လာသလိုပါပဲ။
ဒါပေမဲ့ အခု အမေရိကန်ပြည်ထောင်စုရဲ့ လမ်းမတွေပေါ်မှာ ခရီးရှည်ကြီး လမ်းလျှောက်နေကြတဲ့ “Walk for Peace” အဖွဲ့က ရဟန်းတော်တွေရဲ့ အေးချမ်းတဲ့ ခြေလှမ်းတွေကတော့ လူသားတွေရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းရေးအသိ (Peace Awareness) တွေကို ပြန်ပြီး နိုးထလာအောင် “မေတ္တာဆော်” နေကြပြီ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ တက္ကဆက်ပြည်နယ် ဖော့ဝါ့သ်မြို့က Huong Dao (ဟောင်ဒေါင်း) ဗီယက်နမ်ထေရဝါဒကျောင်းကနေ စတင်ခဲ့တာပါ။ ဗီယက်နမ်ရဟန်းတော် အရှင်ပညာကာရ ဦးဆောင်တဲ့ ရဟန်းတော် နှစ်ဒါဇင်လောက်ဟာ မိုင်ပေါင်း ၂,၃၀၀ ကျော် (ကီလိုမီတာ ၃,၇၀၀ နီးပါး) ရှိတဲ့ ခရီးကြမ်းကြီးကို ရက်ပေါင်း ၁၁၀ ကြာ လျှောက်လှမ်းဖို့ သံန္နိဋ္ဌာန်ချခဲ့ကြတာပါ။
ဒီခရီးစဉ်မှာ အားလုံးရဲ့ အချစ်တော်၊ ခြေလေးချောင်း ငြိမ်းချမ်းရေးသံတမန် ခွေးလေး Aloka (အလောက) ကလည်း ပါဝင်နေပါတယ်။ သူ့ရဲ့ဘဝဇာတ်ကြောင်းက တကယ့်ကို ထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။
အလောကဟာ မူလက အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့က လမ်းဘေးခွေးလေးတစ်ကောင်ပါ။ လွန်ခဲ့တဲ့ ၂ နှစ်ခွဲလောက်က ဘုန်းဘုန်းတို့ အိန္ဒိယမှာ ဗုဒ္ဓမြတ်စွာရဲ့ ခြေရာတော်များအတိုင်း ခြေလျင်ဒေသစာရီကြွတော့ ဒီခွေးလေးက ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိဘဲ အဖွဲ့နောက်ကို မခွဲမခွာ လိုက်လာခဲ့တာပါ။
ဘုန်းဘုန်းတို့က အစာကျွေးပြီး မောင်းထုတ်သော်လည်း သူက မပြန်ဘူး။ မိုင်ပေါင်းများစွာကို သစ္စာရှိရှိ လိုက်လာတာလဲဖြစ်ပါတယ်။ နေပူထဲမှာလည်း လိုက်တယ်၊ မိုးရွာထဲမှာလည်း လိုက်တယ်၊ နောက်ဆုံးတော့ သူ့ရဲ့ ဇွဲနဲ့ လိမ္မာမှုကို ကြည့်ပြီး ဘုန်းဘုန်းက မွေးစားခဲ့ရတာဖြစ်ပါတယ်။
ပါဠိလို “အလင်းရောင်” လို့ အဓိပ္ပာယ်ရတဲ့ “အလောက” လို့ နာမည်ပေးခဲ့တာဟာ ဒီနေ့မှာတော့ တကယ့်ကို မှန်ကန်သွားပါပြီ။ အခုဆိုရင် အလောကဟာ အမေရိကန်မြေပေါ်မှာ ဆရာတော်တွေနဲ့အတူ မိုင်ထောင်ချီ ခရီးနှင်ရင်း၊ လူတွေရဲ့ အမုန်းတရားတွေကို မေတ္တာတရားနဲ့ အစားထိုးပေးတဲ့ “အလင်းဆောင်သူ” လေး ဖြစ်နေပါပြီ။
“လမ်းလျှောက်ရုံနဲ့ စစ်ပွဲတွေ ရပ်သွားမှာလား” လို့ မေးစရာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ လမ်းလျှောက်ခြင်းဟာ လက်နက်တွေကို ဖျက်ဆီးတာမျိုး မဟုတ်ပေမဲ့ လက်နက်ကို ကိုင်ဆောင်ထားတဲ့ လူသားတွေရဲ့ စိတ်ထဲမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တရားတွေ ဖြစ်ပေါ်လာအောင် နှိုးဆော်ပေးတာပါ။
မြတ်စွာဘုရားရှင်က သာသနာပြုစဦးကာလမှာ ရဟန်းတော်တွေကို – “စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ပာယ…” (အများအကျိုးအတွက်၊ လောကကို သနားစောင့်ရှောက်ဖို့ ခရီးလှည့်လည်ကြကုန်လော့) လို့ မိန့်မှာခဲ့တဲ့ ဒေသနာတော်အတိုင်း အခု “Walk for Peace” အဖွဲ့က လက်တွေ့ကျင့်ကြံပြနေတာ ဖြစ်ပါတယ်။
အစပိုင်းမှာ ဗီယက်နမ်၊ ထိုင်း၊ လာအို သံဃာတော်တွေပဲ ပါဝင်ခဲ့ပေမဲ့ အခုဆိုရင် မြန်မာသံဃာတော်တွေကိုယ်စား ရွှေဘုန်းပွင့်ဆရာတော် ကပါ ပါဝင်ပူးပေါင်း လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။ ဆရာတော်ဟာ ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတု၊ တစ်နေ့ကို မိုင် ၃၀ နီးပါး လျှောက်ရတဲ့ ခရီးကြမ်းကြီးကို ဇွဲ၊ သီလ၊ မေတ္တာတွေနဲ့ ရင်ဆိုင်နေတာဟာ မြန်မာလူမျိုးတွေဟာလည်း ငြိမ်းချမ်းရေးကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ ကမ္ဘာကို သက်သေပြလိုက်တာပါပဲ။
ဒီခရီးစဉ်ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကတော့ တက္ကဆက်မှာ “ငြိမ်းချမ်းရေး ဓမ္မစေတီ” တည်ဆောက်ဖို့နဲ့ အမေရိကန်မှာ “ဗုဒ္ဓနေ့ (Buddha Day)” ကို တရားဝင်သတ်မှတ်နိုင်ဖို့ ဖြစ်ပါတယ်။ အခုဆိုရင် ခရီးစဉ်ဟာ ရက်ပေါင်း ၆၀ ကျော် (ခရီးထက်ဝက်ကျော်) ကို ရောက်လာပြီဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့လောက်မှာ ဝါရှင်တန်ဒီစီကို ဆိုက်ရောက်ဖို့ ရည်မှန်းထားပါတယ်။
လမ်းတစ်လျှောက်မှာ ဘာသာမရွေး၊ လူမျိုးမရွေး အမေရိကန်နိုင်ငံသားတွေက သောက်ရေပေးတာ၊ အစားအစာ လှူဒါန်းတာနဲ့ အားပေးစကားပြောကြတာတွေကို ကြည့်ရင် “ငြိမ်းချမ်းရေး Awareness” ဟာ တကယ့်ကို အောင်မြင်နေတာ သိသာပါတယ်။
အထူးသဖြင့် ခွေးလေးအလောကဟာ လူတွေကြားထဲမှာ အေးအေးချမ်းချမ်းနဲ့ လျှောက်လှမ်းနေတာကို မြင်ရသူတိုင်းက ချစ်ခင်ကြပြီး သူ့ဆီကနေ ငြိမ်သက်ခြင်းစွမ်းအင်တွေကို ရရှိနေကြပါတယ်။
သံဃာတော်တွေဟာ လာဘ်လာဘတွေကို မမျှော်ကိုးဘဲ ခြေကျင်ခရီးနှင်ရင်း ငြိမ်းချမ်းရေးမျိုးစေ့တွေကို လူသားတွေရဲ့ ရင်ထဲမှာ စိုက်ပျိုးနေကြတာပါ။
သူတို့ရဲ့ ခရီးစဉ်ဟာ လူသားတွေအတွက် “ရိုးရှင်းခြင်းနဲ့ မေတ္တာတရား” သာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီကို ပို့ဆောင်ပေးမယ့် မီးရှူးတန်ဆောင် အဖြစ် မီးမောင်းထိုးပြနေတာပါ။
ဒီခရီးစဉ်ဟာ ကမ္ဘာကြီးအတွက် မေတ္တာအလင်းရောင် တစ်ခုဖြစ်သလို၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရနေသူများအတွက်လည်း ဆေးတစ်ခွက်သဖွယ် ဖြစ်နေပါတော့တယ်။
