အတုအယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပမည့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လုံခြုံရေးအတွက် အင်အားစုဖွဲ့မှုများ စတင်လုပ်ဆောင်နေပြီးဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် မြို့ခံအချို့က ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း၂ ကို မွန်ပြည်နယ်အတွင်း ဘီးလင်း၊ ပေါင်၊ ရေး၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါရွေးကောက်ပွဲနေ့မတိုင်ခင်နှင့် ရွေးကောက်ပွဲနေ့အတွက် လုံခြုံရေးအခြေအနေထားရှိမှုအခြေအနေနှင့် ပတ်သက်သည့်အစည်းအဝေးတစ်ရပ်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ရက်က မွန်နယ်လုံ ဦးဆောင်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ကျင်းပခဲ့သည်။
“ဒီတခါရွေးကောက်ပွဲက ပြီးခဲ့တဲ့ အပိုင်း၁ ထက် လုံခြုံရေးအရေးကြီးတယ်၊ တကယ်ကို တိုက်ပွဲအများဆုံး ဖြစ်တဲ့ မြို့နယ်တွေပါတယ်၊ အဲဒါကြောင့် အစည်းအဝေးခေါ်ပြီး အခုကတည်းက နယ်မြေလုံခြုံရေးအတွက် တာဝန်ခွဲပေးခဲ့တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက MPA ကို ပြောသည်။
ယင်းအစည်းအဝေးဆုံးဖြတ်ချက်အရ တိုက်ပွဲပြင်းထန်နေသည့် ရေး၊ ဘီးလင်းမြို့နယ်တို့တွင် လိုအပ်သည့် လက်နက်ခဲယမ်းများနှင့် စစ်သည်အင်အားများကို အဓိက ဖြည့်ဆည်းပေးခဲ့ပြီး ယင်းနယ်မစ်ကို အပြည့်အဝထိန်းချုပ်နိုင်ရေးကို ညွှန်ကြားထားကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ စစ်ကော်မရှင်တပ်ဖွဲ့များသည် ဘီးလင်းမြို့နယ်တွင် အင်အား ၄၀၀ ကျော်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမတစ်လျှောက်တို့တွင် အင်အား ၁၀၀၀ နီးပါး အသုံးပြုပြီး စစ်ကြောင်းထိုးနေသည့်အပြင် သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ် အဝင်အထွက်နေရာများ၌ လုံခြုံရေးတင်းကျပ်ထားသည်။
“အခုက ရေးဘက်ကို အတော်လေးဖိလာတယ်၊ ကျတော်တို့ ကာကင်းချထားတဲ့ နေရာအထိ ရောက်လာတယ်။ အင်အားလည်း များသလို စစ်ကြောင်းလည်းခွဲပြီး ကျတော်တို့ ရှိနိုင်တဲ့နေရာကို အဘက်ဘက်ကနေ ပိတ်ဆို့ပြီး ဝင်ချလာတဲ့ပုံစံလုပ်တော့ တိုက်ပွဲပြင်းထန်သွားတယ်။ နောက်တပိုင်းက သူတို့ရှိတဲ့နေရာဝင်ချတာပေါ့၊ တိုက်ပွဲက ဒီရက်ပိုင်းထဲ ပြင်းထန်နေတယ်လို့ ပြောလို့ရတယ်၊ အဓိက အမှတ်(၈)လမ်းပိုင်းကို သူတို့ အသာစီးရယူဖို့ ကြိုးစားနေတယ်” ဟု ရေးမြို့နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ် ခေါင်းဆောင်ပိုင်းတစ်ဦးက ပြောသည်။
အတုအယောင်ရွေးကောက်ပွဲအပိုင်း(၂)မကျင်းပမီ ယခုရက်ပိုင်းများတွင် ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် တိုက်ပွဲ (၄)ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကလည်း အထိနာကာ အကျအဆုံးများခဲ့ကြောင်း တော်လှန်ရေး တပ်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် စစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည့်အပြင် အရပ်သားထောင်ချီဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဘီးလင်းဒေသခံအချို့က ပြောသည်။
“သူတို့(စစ်တပ်) ဒီလကုန်မှာ အလူးလေးဘက်ကို စစ်ကြောင်းထိုးလာနေတာ၊ နောက်ပြီး လက်နက်ကြီးဆို အရင်ကထက်ပိုပြီး ပစ်တယ်။ သူတို့ဝင်လာလို့ ပစ်တာရှိသလို ဒီအတိုင်းပစ်တာလည်း ရှိတယ်။ ကရင်တပ်တွေ မြို့ထဲကို ဝင်မရအောင် သူတို့ ဖြတ်ထားတဲ့ ပုံစံလုပ်ထားတယ်၊ တိုက်ပွဲက နေ့တိုင်းမရှိပေမယ့် လက်နက်ကြီး နေ့တိုင်းကြားနေရတယ်” ဟု KNU တပ်မဟာ (၁) သထုံခရိုင်တွင် စစ်ရှောင် အကူအညီပေးနေသူတစ်ဦးက ပြောသည်။
လတ်တလော စစ်ရေးတင်းမာနေသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်၏စစ်ကြောင်းထိုးမှုများနှင့် လက်နက် ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ သတိထားသွားနေထိုင်ကြရန် တော်လှန်ရေးတပ်များက တိုက်တွန်ထားသည်။
တစ်ဖက်တွင်မူ မဲပေးမည့်စက်ပစ္စည်းများ ထားရှိသည့်ရုံးများနှင့် မဲရုံများကို လုံခြုံရေးချထားသည့်အပြင် လူမြင်ကွင်းမဟုတ်သည့်နေရာများတွင်လည်း ကင်းပုန်းများ ထားရှိထားကြောင်း မြို့ခံအချို့က ပြောသည်။
“ ရေးမြို့ပေါ်မှာတော့ ရဲထက် စစ်သားက ပိုများလာတယ်။ မဲရုံဘက်တော့ သေချာမတွေ့သေးဘူး။ ဌာနဆိုင်ရာ ရုံးတွေမှာ လုံခြုံရေးများတာ တွေ့ရတယ်။ မြို့ထဲဆို အစစ်အဆေးက ကြမ်းသလားမပြောနဲ့ သူတို့ ဂိတ်ချထားတဲ့ နေရာဘက်ကို ရှောင်ရင်တော့ ပြဿနာမရှိဘူး။ တည့်တည့်တိုးရင်တော့ မလွယ်ဘူး၊ လူငယ်ဆို ပိုရစ်တယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် စစ်တပ်က နယ်မြေစိုးမိုးမှုနှင့် ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်နှင့် ဂိတ်ချစစ်ဆေးသည့်နေရာများတွင် လမ်းသွားလမ်းလာ ဖမ်းဆီးခံရမှု ပိုများနေပြီး ငွေကြေး ပေးဆောင်နိုင်သူများက ပြန်လွတ်နေသော်လည်း ငွေကြေးမတတ်နိုင်သူအချို့မှာ စစ်မှုထမ်းသင်တန်းပို့ဆောင်ခံနေရကြောင်း ၎င်းက ဆက်ပြောသည်။
မဲလာပေးသူ ၃၉ ရာခိုင်နှုန်းသာ ရှိခဲ့သည့် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲအပိုင်း ၁၌ စစ်တပ်ကျောထောက် နောက်ခံ ပေးထားသည့် ကြံ့ခိုင်ရေးပါတီက နေရာအများစု အနိုင်ရရှိထားသည်။
စာတည်း-ကိုဆန်း
