ပြည်သူ့ပါတီနှင့် PPPတို့၏ တရားမဝင်ရွေးကောက်ပွဲ မဲရလဒ်မှာ တစညကိုပင် မနိုင်ကြောင်း တွေ့ရသည်။
ဇန်နဝါရီ၃ရက်တွင် ရွေးကောက်ပွဲကော်မရှင်က နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်၂၅ခုက ပြည်သူ့ လွှတ်တော်အမတ်လောင်းတို့၏ မဲရရှိမှုကို ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း တွေ့ရသည်။
“ကြံ့ဖွံ့ကို ရှုံးတာ အကြောင်းပြလို့ရပါတယ်။ကြံ့ဖွံ့က အစစအရာရာ အသာစီးယူထားတာလည်း အားလုံးမျက်မြင်ပဲဆိုတော့။ခုနှစ်ဆွေး၊ရှစ်ဆွေးခေတ်က မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) တဖြစ်လဲ တစည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)ကိုတော့ နိုင်ဖို့ကောင်းတာပေါ့။တစည တောင်မနိုင်တဲ့နောက်တော့ ကိုယ့်အခြေအနေကိုယ်သိတော့”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ရွေးကောက်ပွဲကော်မရှင်က နေပြည်တော်ကောင်စီ ၈မြို့နယ်အတွင်းရှိ ပြည်သူ့လွှတ်တော်အမတ် လောင်းတစ်ဦးချင်းစီ၏ မဲရလဒ်များကို ထုတ်ပြန်ခဲ့ရာ ပြည်သူ့ပါတီက ပုဗ္ဗသီရိမြို့နယ်တွင်သာ ဒုတိ ယမဲအများဆုံးရခဲ့ပြီး ကျန်မြို့နယ်များ၌ နံပါတ်၃၊၄နှင့်၅အဆင့် မဲရလဒ်ဖြင့် တစည ကိုပင် ရှုံးနိမ့်ခဲ့ ကြောင်း တွေ့ရသည်။
မွန်ပြည်နယ်၊ မြို့နယ်၅ခုရှိ ပြည်သူ့လွှတ်တော်အမတ်လောင်းတို့၏ မဲရလဒ်များတွင်လည်း ပြည်သူ့ ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)တို့မှာ မဲရရှိမှု နံပါတ်၄နှင့် အောက်အဆင့်သာ ရှိသည်။
“P ၂လုံး(ပြည်သူ့ပါတီ)တို့ P၃လုံး(ပြည်သူ့ရှေ့ဆောင်ပါတီ)တို့ဆိုတာက တော်လှန်ရေးသမားတွေကို သာ အာချောင်ပြီး ရန်ရှာရဲတာ။ ကြံ့ဖွံ့ကိုကျတော့ ကြောက်တယ်ဗျ။ကျနော်တို့မွန်ပြည်နယ်မှာ ကြံ့ဖွံ့ က အုပ်ချုပ်ရေးအာဏာ သုံးပြီး မဲဆွယ်တာ ကန့်မှ မကန့်ကွက်ရဲတာ။အဲလောက်သွေးကြောင်နေမှ တော့ ရှုံးတာတောင် နည်းသေးတယ်”ဟု ပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြော သည်။
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်မှ ဝင်ပြိုင်သော ပြည်သူ့ရှေ့ဆောင်ပါတီ အမတ်လောင်းမှာ ၂၂ မဲသာ ရရှိခဲ့သည်။
တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်ကို မြို့နယ်၁၀၂ခုတွင် ပြုလုပ်ခဲ့ပြီး မဲဆန္ဒနယ်၅၆နေရာအတွက် အနိုင်ရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ရာ ကြံ့ဖွံ့က ၅၂နေရာ အနိုင်ရခဲ့သည်။
တစညပါတီ၊ပြည်သူ့ပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီတို့သည် ၂၀၂၀ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် တစ်နေရာမျှ ပင် အနိုင်မရခဲ့သော ပါတီများ ဖြစ်သည်။
စာတည်း-ML
