ဆင်ဖြူကျွန်းမြို့ကို PDFတပ်များ ပိတ်ဆို့ထားဟုဆို

ဓာတ်ပုံ - စလင်းမြို့နယ် ပကဖ
ပုံစာ - တိုက်ပွဲဝင် စလင်း ပကဖ ရဲဘော်များ။

မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ ဆင်ဖြူကျွန်းမြို့ကို PDF တပ်များက ပိတ်ဆို့ထားကြောင်း သိရသည်။

ဇန်နဝါရီ တစ်ရက်တွင် ဆင်ဖြူကျွန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် စစ်တပ်ထောက်တိုင် ရုံးဌာနများကို မင်းဘူးခရိုင်စစ်ဌာန၏ ကွပ်ကဲမှုဖြင့် PDF တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ကျနော်တို့ တစ်ရက်နေ့တုန်းက ဝင်ပြီးရင် ချက်ချင်းပြန်ဆုတ်လာတာမျိုးတော့ မဟုတ်ဘူးနော်။ ကျနော်တို့ အခု ဝိုင်းဝန်းပိတ်ဆို့ထားတာ ရှိပါတယ်။ အထဲမှာကတော့ ၁၅၀ ဝန်းကျင်လောက်ထိ ရန်သူ့အင်အား ရှိနေသေးတယ်။ Non CDM တွေတော့ ရှိနေသေးတယ်။ ကျနော်တို့က ပြည်သူတွေကို မြို့ထဲကို ပြန်မဝင်ဖို့ ပြောထားတာပေါ့။ ဒါပေမဲ့၊ စကစတွေက သူတို့ချည်းပဲဆိုလို့ရှိရင် သူတို့မြို့ပျက်ပုံစံ ၊ မြို့အခြောက်ပုံစံဖြစ်သွားတာပေါ့နော်။ အဲလိုကျရင် သူတို့မနေရဲကြဘူး။ ဒီတော့ ပြည်သူတွေကို ပြန်ခေါ်သွင်းတယ်။ Non CDM တွေလည်း ရှိနေသေးတယ်ပေါ့”ဟု ဆင်ဖြူကျွန်းမြို့ စစ်ရေးသတင်းရင်းမြစ်က MPA သို့ပြောသည်။

စစ်တပ်က ဆင်ဖြူကျွန်းမြို့အနီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

“စစ်တပ်ကနေပြီးတော့လည်း လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေ လုပ်နေတာရှိပါတယ်။ သူတို့က အရမ်းကြီးထွက်တိုက်နိုင်တဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ လေယာဉ်ဗုံးကြဲတာကတော့ တောက်လျှောက်လုပ်နေတုန်းပါဗျ”ဟု ၎င်းကဆက်လက်ပြောသည်။

စလင်းမြို့နယ်နှင့် ဆင်ဖြူကျွန်းမြို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးအင်အားစုများက အပြီးသတ်သိမ်းပိုက်မည်ဖြစ်သဖြင့် ဆင်ဖြူကျွန်းမြို့နေပြည်သူများအနေဖြင့် ဒီဇင်ဘာ၂၅ရက်၊နံနက်၈နာရီမှ ညနေ၆နာရီအတွင်း စလင်းမြို့နယ်ဘက်သို့ ပြောင်းရွှေ့နိုင်ကြောင်း စလင်းမြို့နယ် ပကဖ က ထုတ်ပြန်ခဲ့သေးသည်။

ဒီဇင်ဘာ ၂၃ ရက်၊ နံနက် ၅ နာရီခွဲ ဝန်းကျင်တွင် ဆင်ဖြူကျွန်းမြို့ဘက်အခြမ်း နွယ်တမယ်တံတားထိပ်ရှိ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့သည်။

စာတည်း-ML