The Straits Times
ကမ္ဘောဒီးယား လုပ်ငန်းရှင်ကြီး ချန်ကျိ နှင့် မြန်မာနိုင်ငံအခြေစိုက် ဘီလျံနာ ရှီကျိကျန်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ပယ်ဆောက်ချိန် နှင့် သူ၏သားဖြစ်သူ ပယ်ရင်ချန်းတို့သည် တစ်ချိန်က မည်သူမျှ မထိရဲသည့် ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်များဖြစ်ခဲ့ကြသည်။
အဆိုပါ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များသည် အစိုးရခေါင်းဆောင်များနှင့်အတူ စားသောက်လေ့ရှိပြီး အလွန်ကြီးမားသော ရွက်လှေများ၊ ဇိမ်ခံနာရီများနှင့် ခမ်းနားထည်ဝါသော စံအိမ်ကြီးများအပါအဝင် ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုများနှင့် ပတ်သက်၍ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ယုံကြည်မှုအပြည့်ဖြင့် ထုတ်ဖော်ပြသလေ့ရှိကြသည်။
ထို့ပြင် ၎င်းတို့သည် နိုင်ငံရေးအာဏာကိုလည်း အသုံးချခဲ့ကြပြီး Radio Free Asia (RFA) ၏ ဖော်ပြချက်အရ ချန်ကျိသည် ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ အကြံပေးအဖြစ်ပင် ခန့်အပ်ခံခဲ့ရသည်။
သို့သော် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၎င်းတို့၏ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းများကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်နစ်နာမှုမှာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်အထိ ရှိခဲ့သည်။
နောက်ဆုံးတွင် အဆိုပါ အွန်လိုင်းရာဇဝတ်မှု ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
ပယ်ဆောက်ချိန်တို့ မိသားစုဝင်များကို ၂၀၂၄ ခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး မြန်မာနိုင်ငံအတွင်း ငွေလိမ်စင်တာများ ဖွင့်လှစ်လုပ်ကိုင်ခဲ့မှုကြောင့် ၎င်းတို့ကို သေဒဏ်ချမှတ်ခဲ့သည်။
တစ်ဆက်တည်းမှာပင် ၂၀၂၂ ခုနှစ်ကတည်းက ရှီကျိကျန်းကို ဖမ်းဆီးထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ၎င်းအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင်လည်း အစိုးရက တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နင်းရာတွင် တရုတ်နိုင်ငံသား လင်းရွှမ်ဟန် သည် ၂၀၂၄ ခုနှစ်၌ ဥပဒေကြောင်းအရ အရေးယူခံခဲ့ရသည်။ လင်းသည် ငွေလိမ်လုပ်ငန်းများမှသည် လူကုန်ကူးမှုဂိုဏ်းများအထိ ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိခဲ့ရသည်။
ကမ္ဘောဒီးယား_တရုတ် ချန်ကျိသည် လွတ်မြောက်နေဆဲဖြစ်သော်လည်း အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ၎င်းပိုင်ဆိုင်သော ဒေါ်လာ ၁၉ ဘီလျံကျော်တန်ဖိုးရှိ နိုင်ငံအချို့ရှိ ၎င်း၏ ပိုင်ဆိုင်မှုများကို သိမ်းယူခဲ့သည်။
လွန်ခဲ့သော ၄ နှစ်အတွင်း အနည်းဆုံး ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သည့် အဆိုပါ နှိမ်နင်းမှုများသည် မတူညီသော နယ်မြေအသီးသီးရှိ တရားဥပဒေစိုးမိုးရေး အေဂျင်စီများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာမှု၏ ရလဒ်ဖြစ်သည်။
နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ၏ ဘဏ္ဍာရေးရာဇဝတ်မှုနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစင်တာ၏ ယာယီညွှန်ကြားရေးမှူး နီကိုးလ်စ် ကော့က “နိုင်ငံအများအပြားက ငွေလိမ်လည်မှုဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုလို့ သတ်မှတ်လာကြတဲ့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာတယ်” ဟု The Straits Times သို့ ပြောကြားခဲ့သည်။
ချန်ကျိ၏ ကုမ္ပဏီသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုအင်ပါယာတစ်ခုဖြစ်ကြောင်းနှင့် ၎င်းနှင့် ၎င်း၏အပေါင်းအပါများကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော်လည်း၊ ၎င်းအား စုံစမ်းစစ်ဆေးမှုများမှာ ထိုထက်စော၍ စတင်ခဲ့ခြင်းဖြစ်သည်။
RFA ၏ အဆိုအရ တရုတ်နိုင်ငံသည် Prince Group ကို စုံစမ်းစစ်ဆေးရန် ၂၀၂၀ ခုနှစ်ကတည်းက အထူးလုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံတွင်လည်း ရဲတပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်တွင် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီး နိုင်ငံ၏ ဘဏ္ဍာရေးထောက်လှမ်းရေးဌာနမှတစ်ဆင့် အဆိုပါစီးပွားရေးလုပ်ငန်းရှင်နှင့် ၎င်း၏ကုမ္ပဏီအကြောင်း သတင်းရရှိပြီးနောက် ပြည်ပနိုင်ငံများရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်ခဲ့သည်။
ချန်ကျိ၏ ပိုင်ဆိုင်မှုများကို အမေရိကန်နှင့် ဗြိတိန်အစိုးရများသာမက စင်ကာပူရဲတပ်ဖွဲ့ကလည်း ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ စုစုပေါင်းတန်ဖိုး ဒေါ်လာ သန်း ၁၅၀ ကျော်ရှိသော အိမ်ခြံမြေ ၆ ခု၊ ရွက်လှေတစ်စီး၊ မော်တော်ယာဉ် ၁၁ စီးနှင့် အခြားပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။
ထိုင်းနိုင်ငံအပါအဝင် အခြားသောနိုင်ငံများကလည်း ချန်ကျိနှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုများကို နောက်ဆက်တွဲ ရက်သတ္တပတ်များအတွင်း အလျင်အမြန် ပိတ်သိမ်းခဲ့ကြသည်။
အဆိုပါ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် အင်တာပိုလ်သည် ဒီဇင်ဘာလတွင် စင်ကာပူ၌ ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေး ရက်သတ္တပတ်ကို ကျင်းပခဲ့သည်။
ထိုပွဲသို့ နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အပါအဝင် အဖွဲ့အစည်း ၅ ခု တက်ရောက်ခဲ့သည်။
ထိုပွဲတွင် ငွေလိမ်လည်မှု တိုက်ဖျက်ရေးစင်တာများ မည်သို့တည်ထောင်မည်ကို ဆွေးနွေးခဲ့ကြပြီး ငွေလိမ်စင်တာများရှိသည်ဟု သိထားကြသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံများအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုလည်း ပါဝင်ခဲ့သည်။
စင်ကာပူနိုင်ငံ၏ အခန်းကဏ္ဍ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဆာဆော့ခါ အပါအဝင် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် စင်ကာပူနိုင်ငံ၏ ငွေလိမ်လည်မှု တိုက်ဖျက်ရေးဌာန (ASCom) သို့ လာရောက်လေ့လာခဲ့ကြသည်။
စက်တင်ဘာလတွင် ASCom သို့ လာရောက်ခဲ့သော အမေရိကန်အစိုးရ အရာရှိတစ်ဦးက အဆိုပါဌာနသည် အရှေ့တောင်အာရှတွင် အကျိုးသက်ရောက်မှုများစွာရှိကြောင်းနှင့် နိုင်ငံများအနေဖြင့် ငွေလိမ်လည်မှု တိုက်ဖျက်ရေး အတွေ့အကြုံများကို တစ်ဦးနှင့်တစ်ဦး သင်ယူမျှဝေနေကြကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသားများသည် ၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်လုပ်ငန်းများကြောင့် ဒေါ်လာ ၁၀ ဘီလျံထက်မနည်း ဆုံးရှုံးခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်သည် ခရစ်ပတိုငွေကြေးလိမ်လည်မှုများကို တိုက်ဖျက်ရန် “Scam Center Strike Force” ကို ဖွဲ့စည်းခဲ့သည်။
ASCom မှ ဒုတိယရဲမှူးကြီး ဗင်းဆင့် ဝမ်က လိမ်လည်သူများသည် ပြည်ပတွင် အခြေစိုက်လေ့ရှိသောကြောင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ စင်ကာပူရဲတပ်ဖွဲ့နှင့် မလေးရှားရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် မလေးရှားငွေလိမ်သမား ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
စက်တင်ဘာလတွင်လည်း စင်ကာပူရဲတပ်ဖွဲ့သည် ကမ္ဘောဒီးယားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စင်ကာပူနိုင်ငံသားများကို အစိုးရအရာရှိအယောင်ဆောင်ကာ ဒေါ်လာ ၄၁ သန်းကျော် လိမ်လည်ခဲ့သည့် ဖနွမ်းပင်အခြေစိုက် ရာဇဝတ်ဂိုဏ်းတစ်ခုကို နှိမ်နင်းခဲ့သည်။
အောင်မြင်မှုရလဒ်များ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ တရုတ်နှင့် မြန်မာနိုင်ငံတို့သည် ပူးပေါင်းစစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ လိမ်လည်မှုနှင့် ပတ်သက်သည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၅၇,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ၂၀၂၅ ခုနှစ် ဇွန်လမှ အောက်တိုဘာလအတွင်း ငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်သူ သံသယရှိသူ ၃,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံသားအဖြစ် ခံယူထားသော လောင်းကစားဘုရင် ရှီကျိကျန်းကို ဘန်ကောက်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ “ရွှေကုက္ကိုလ်” အပန်းဖြေစခန်းကို အခြေစိုက်ကာ ငွေလိမ်လည်မှုနှင့် လူကုန်ကူးမှုကွန်ရက်များကို လုပ်ကိုင်ခဲ့သူဖြစ်သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ပယ်ဆောက်ချိန်မိသားစု၏ ထိပ်တန်းအဖွဲ့ဝင် ၅ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး၊ စက်တင်ဘာလတွင်လည်း လူ ၁၄ ဦးကို သတ်ဖြတ်ခဲ့သည့် မင် မိသားစုဝင် ၁၁ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။
ကျွမ်းကျင်သူများ၏ အဆိုအရ အဆိုပါရာဇဝတ်ဂိုဏ်းများသည် တစ်ချိန်က လူမှုရေးလုပ်ငန်းများတွင် ပါဝင်ကာ ဂုဏ်ထူးဆောင်ဘွဲ့များ ခံယူပြီး လူသိရှင်ကြား နေထိုင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသော နေ့ရက်များမှာ ကုန်ဆုံးတော့မည်ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ငွေလိမ်လုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းရန်မှာ ခက်ခဲနေဆဲဖြစ်ကြောင်း၊ အကြောင်းမှာ စစ်ကောင်စီနှင့် အတိုက်အခံအဖွဲ့အစည်း နှစ်ဖက်စလုံးသည် ပြည်တွင်းစစ်အတွက် ရန်ပုံငွေအဖြစ် ငွေလိမ်လုပ်ငန်းများမှ ရရှိသော အမြတ်အစွန်းများကို အသုံးပြုနေကြသောကြောင့်ဖြစ်ကြောင်း ပညာရှင်များက ထောက်ပြထားသည်။
