AA ထိန်းချုပ်နယ်မြေများတွင် ယာဉ်စည်းကမ်းမလိုက်နာသူများကို ဥပဒေဖြင့် စတင်အရေးယူ

ဓာတ်ပုံ- Arakan Princess Media

အာရက္ခတပ်တော် – AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း မလိုက်နာသူများကို ဥပဒေဖြင့် စတင်အရေးယူနေပြီဖြစ်ကြောင်း သိရသည်။

ကျောက်တော်၊ ဂွ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မောင်တော၊ မြေပုံ၊ မြောက်ဦး၊ ရမ်းဗြဲ၊ ရသေ့တောင်၊ သံတွဲ၊ အမ်းနှင့် ပလက်ဝမြို့နယ်တို့ကို AA ထိန်းချုပ်ပြီးချိန်မှစ၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပေးမှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ပြီး ယခုအခါ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၈၇ ဖြင့် အမှုဖွင့် အရေးယူနေပြီဖြစ်ကြောင်း သိရသည်။

” လမ်းဆုံလမ်းဂွတွေနဲ့ မီးပွိုင့်တွေမှာ ဒီလပ် ( DELEPS ) တွေ အမြဲရှိတယ်လေ။ အရင်လတွေတုန်းကဆိုရင် ဈေးနားတို့ လူစည်ကားတဲ့နေရာတွေကို ပတ်ပြီး စည်းကမ်းလိုက်နာမနာ လိုက်ဖမ်းတာတွေရှိတယ်။ ဖမ်းခံရရင်လည်း ဟိုးအရင်လက်ထက်ကလို ငွေပေးရတာမျိုးမဟုတ်ဘူး။ ချွေးထွက်အပြစ်ဒဏ်ပဲပေးတာ။ ဒိုက်ထိုးရတာတို့၊ နောက်ထပ် ဖမ်းမိတာမျိုးမရှိမချင်း မတ်တပ်ရပ်ခိုင်းထားတာတို့။ သူတို့ ( ULA ) ဌာနဆိုင်ရာဝန်ထမ်းတွေမို့ မဖမ်းဘဲ လွှတ်ပေးတာလည်းမရှိဘူး။ အားလုံးအတူတူပဲ။ ” ဟု မင်းပြားမြို့နယ်နေ ပြည်သူတစ်ဦးက MPA သို့ပြောသည်။

ထို့ပြင် ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ် ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးတပ်ရန်၊ ဆိုင်ကယ်တစ်စီးလျှင် လူ ၂ ဦးထက် ပိုမစီးရန်၊ မည်သည့်ယာဉ်မဆို ရှေ့မီး၊ နောက်မီး၊ အချက်ပြမီး၊ ဘရိတ်၊ ဟွန်း ကောင်းမွန်ရန်၊ မီးခိုးတိုင်တပ်ဆင်ရန်၊ အရက်သေစာသောက်စားပြီး မောင်းနှင်ခြင်းမပြုရန် စသည့် အချက်ဆယ်ချက်ပါဝင်သည့် စည်းကမ်းချက်များကို လမ်းနှင့်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ထားသည်။

” နေရာတိုင်းမှာ ဆိုင်းဘုတ်တွေ ထောင်ထားတာ ကြာပါပြီ။ ခု ဥပဒေနဲ့ အရေးယူမယ်ဆိုတော့ ကောင်းပါတယ်။ ဆိုင်ကယ်တွေ၊ တုတ်တုတ်တွေက မြို့ထဲမှာ တအားမောင်းကြတယ်။ တလမ်းမောင်းဆိုလည်း ကျော်တက်တာတွေနဲ့ လမ်းသွားရတာ အဆင်မပြေဘူး။ ” ဟု မြောက်ဦးမြို့နေ အမျိုးသမီးတစ်ဦးကပြောသည်။

မြောက်ဦးမြို့နေ အခြားအမျိုးသမီးတစ်ဦးကလည်း ” လမ်းဆုံလမ်းဂွတွေမှာ ခဏခဏဆိုင်ကယ်တိုက်တာတွေဖြစ်တယ်။ နောက်ပြီး အရှိန်နဲ့မောင်းရင်း မီးပွိုင့်မိတော့ ဘရိတ်တန်းအုပ်တော့ မထိန်းနိုင်ပဲ သူဟာသူ ဆိုင်ကယ်မှောက်တာ ကိုယ်တိုင်ကြုံဖူးတယ်။ အဲ့ဒီတုန်းက နေ့လယ် ထမင်းစားချိန်မို့ ဒီလပ်တွေလည်း မရှိတဲ့အချိန် ဖြစ်သွားတာ။” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ထို့ပြင် မြောက်ဦးမြို့နယ်၌ ဈေးများ၊ လမ်းဘေးဈေးဆိုင်များကိုလည်း လမ်းမပေါ်တက် ဈေးရောင်းချခွင့်မပြုတော့ဘဲ မြို့သန့်ရှင်းရေးနှင့် သာယာလှပရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DELEPS)ကို ၂၀၂၄ခု၊ စက်တင်ဘာလက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စာတည်း-ကိုဆန်း