ယခုနှစ်( ၂၀၂၆ ခုနှစ်)အတွင်း တီးတိန်မြို့သိမ်းနိုင်ရန် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ICNCC/CB စစ်ချုပ် Thang Chawm Phe က ပြောကြားသည်။
၂၀၂၅ခုနှစ်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့ကို အပြီးသတ်သိမ်းပိုက်မည်ဟု ချင်းညီနောင်ကြွေးကြော်ခဲ့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် မြို့သိမ်းတိုက်ပွဲမဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် မြို့သိမ်းရေး ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ယနေ့ ( ဇန်နဝါရီ ၃ရက် ) နံနက်ပိုင်းက ပြုလုပ်သော နှစ်သစ်ကြိုဆိုသောအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
” ၂၀၂၅မှာ မသိမ်းနိုင်သေးပေမယ့် နှစ်သစ်ကစပြီး ၂၀၂၆ အတွင်းမှာတော့ ကျတော်တို့ရဲ့ စစ်ရေး ရည်မှန်းချက်အောင်မြင်တဲ့အထိ သွားနိုင်ဖို့ ဆက်ပြီး ကြိုးစားနေပါတယ်ဆိုတဲ့ဟာကိုလည်း ပြည်သူလူထုကို အသိပေးလိုပါတယ်။ မြို့သိမ်းဖို့ဆိုတာက မလွယ်ကူပါဘူး။ မြို့တစ်မြို့က သိမ်းတယ်ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ အသက်တွေပေးရပါတယ်။ ငွေကြေးကုန်ကျမှုများပါတယ်။ ကြိုတင်ပြင်ဆင်ရပါတယ်။ ကြိုတင်လေ့ကျင့်ရပါတယ်။ အဲဒီအတွက် အများကြီးစိန်ခေါ်မှု အခက်အခဲတွေရှိပါတယ်။” ဟု Thang Chawm Phe က ဆိုသည်။
ထို့ပြင် လေ့ကျင့်မှု၊ လက်နက်နှင့်ငွေကြေးမပြည့်စုံမှုများကြားတွင် စစ်ကော်မရှင်တပ်၏ အလုံးစုံဖြတ်တောက်မှုကြောင့် ရုန်းကန်နေရသော်လည်း တီးတိန်မြို့ရရှိရေးအတွက် ဆက်လက်ကြိုးစားနေပြီး နယ်မြေခံ PDF Zoland ကလည်း စစ်ဆင်ရေးများလုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
ယင်းအပြင် ဖလမ်းမြို့နယ်တွင်လည်း စစ်ဆင်ရေးများ တောက်လျှောက်ရှိနေပြီး စစ်ရေးအခြေအနေအရ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိဘဲ မြေပြင်၌ အလုပ်လုပ်နေကြောင်း ၎င်းကဆက်လက်ပြောသည်။
” တီးတိန်မြို့သိမ်းပြီးရင် ချင်းပြည်နယ်တစ်ခုလုံးကို စကမ ကင်းစင်တဲ့ပြည်နယ်ဖြစ်အောင် အရင်ဆုံးကြိုးစားမယ်ဆိုတဲ့ ICNCC/CB ရဲ့ကြိုးစားမှုက ရာနှုန်းပြည့်မအောင်မြင်သေးပေမဲ့ ပြန်ပြီးဆန်းစစ်ရရင် ကျတော်တို့မှာ စည်းလုံးညီညွတ်မှု လိုအပ်သလောက် မပြည့်ဘူးလို့သုံးသပ်ချင်ပါတယ်။ ” ဟု ICNCC/CB မှ Salai Lian Luai က ပြောသည်။
ချင်းပြည်နယ်သည် နွေဦးတော်လှန်ရေးမဖြစ်ခင်က ပညာရေး၊ စီးပွားရေး အစစအရာရာ နိမ့်ကျခဲ့သော်လည်း တော်လှန်ရေးကာလ၌ တော်လှန်ရေးအရွေ့တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ICNCC/ZFU-PDF Zoland ၏ ဥက္ကဌ Saya Langh က ဆိုသည်။
” သင်္ချာနည်းအရတွက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုမြင့်မားတဲ့နေရာကဆိုရင် ပြောင်းလဲမှုပိုများမယ်လို့ မြင်ထားပေမဲ့ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျတဲ့နေရာမှာလည်း တော်လှန်ရေးက အောင်မြင်နိုင်တယ်ဆိုတာကို မြင်နေရပါတယ်။” ဟု ၎င်းကပြောသည်။
နှစ်သစ်တွင် ချင်းညီနောင်အနေဖြင့် အတွေးအခေါ်အသစ်၊ ခွန်အားသစ်၊ စိတ်သစ်လူသစ်ဖြင့် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ ပိုပြီးကောင်းမွန်သည့်ဗျူဟာများ၊ နိုင်ငံရေးပလက်ဖောင်းဖြစ်သည့့် ICNCC နှင့် ချင်းညီနောင် CB အကြား ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်နေပြီး ICNCC အတွင်းမှာလည်း Reformation ဆောင်ရွက်ထားကြောင်း ICNCC/CB ၏ အလှည့်ကျသဘာပတိ Salai Peter Thang ၏ပြောကြားချက်အရ သိရသည်။
ချင်းညီနောင်အနေဖြင့် ချင်းပြည်နယ် လွတ်မြောက် ရေးသာမက ပြည်ထောင်စု၏ အခြားဒေသများ လွတ်မြောက်ရေးကိုပါ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ၂၀၂၅ခု၊ ဒီဇင်ဘာ ၃၀ရက်က ကျင်းပခဲ့သည့် ချင်းညီနောင်ရဲ့ (၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ICNCC/CB စစ်ချုပ် Thang Chawm Phe က ပြောကြားထားသည်။
စာတည်း-ကိုဆန်း
