မြန်မာပြည်သူများကို အားတက်စေမည့် စကားဆိုပြီး စစ်အုပ်စုကို သတိပေးလိုက်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၈) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က မြန်မာပြည်သူများနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ပုံမှန်နှုတ်ခွန်းဆက်သမှုထက် ကျော်လွန်ပြီး စစ်အုပ်စုအပေါ် ပြတ်သားသော ရာဇသံပေးမှုများ ပါဝင်နေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

မာကိုရူဘီယို၏ ထုတ်ပြန်ချက်တွင် မြန်မာ့အကျပ်အတည်းကို အဖြေရှာနိုင်ခြင်းသည် လုံခြုံစိတ်ချရပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ထွန်းလာစေရန် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်ဟု ဆိုထားသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက “အရင်က အမေရိကန်ဟာ မြန်မာ့အရေးကို လူသားချင်းစာနာမှုဆိုင်ရာ ရှုထောင့်ကနေပဲ အဓိကကြည့်ခဲ့တာ။ အခု မာကိုရူဘီယိုရဲ့ လေသံမှာ မြန်မာ့အရေးဟာ အမေရိကန်ရဲ့ ဒေသတွင်း မဟာ ဗျူဟာမြောက် အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေပြီဆိုတာ သိသာသွားတယ်။ ဒါဟာ မြန်မာ့အရေးကို ယူကရိန်း ဒါမှမဟုတ် အစ္စရေးအရေးတွေလိုပဲ အလေးအနက်ထား ကိုင်တွယ်တော့မယ့် လက္ခဏာပဲ” ဟု သုံးသပ်သည်။

မကြာသေးမီက ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့သည့် “Operation Absolute Resolve” စစ်ဆင်ရေးနောက်ကွယ်တွင် မာကိုရူဘီယိုသည် အဓိကကျသူဖြစ်ခဲ့ကာ မြန်မာ နိုင်ငံ လွတ်လပ်ရေးနေ့တွင် ၎င်း၏ တိုက်တွန်းချက်သည် စစ်ကော်မရှင်အတွက် သာမန်သတိပေးချက် မဟုတ်ဘဲ စစ်ရေးအရ အရေးယူနိုင်ခြေ ကိုပါ သွယ်ဝိုက်ရည်ညွှန်းနေခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

မြန်မာ့အရေးကျွမ်းကျင်သူတစ်ဦးက “မာကိုရူဘီယိုဟာ အာဏာရှင်တွေကို စကားနဲ့တင်မဟုတ်ဘဲ လက်တွေ့အရေးယူတတ်သူအဖြစ် နာမည်ကြီးတယ်။ မာဒူရိုကို ဖမ်းဆီးနိုင်ခဲ့တဲ့ အမေရိကန်ရဲ့ စွမ်းဆောင်ရည်ကို ကမ္ဘာက မြင်ထားပြီးသား။ အခု မြန်မာ့လွတ်လပ်ရေးနေ့မှာ သူက အကြမ်းဖက်မှုရပ်၊ အကျဉ်းသားလွှတ်လို့ ရာဇသံပေးတာဟာ စစ်အုပ်စုအတွက်တော့ နောင်လာမယ့် ရက်တွေမှာ ဘာဖြစ်လာမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် အနေအထားပါပဲ” ဟု မှတ်ချက်ပြုသည်။

စစ်ကော်မရှင် ဥက္ကဌ မင်းအောင်လှိုင်၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာတါင် ရွေးကောက်ပွဲများကို အပိုင်းလိုက်ကျင်းပမည်ဟု ထည့်သွင်းပြောကြားနေချိန်တွင်၊ အမေရိကန်ဘက်ကမူ ထိုရွေးကောက်ပွဲအကြောင်းကို လုံးဝထည့်သွင်းမပြောဘဲ အကြမ်းဖက်မှုရပ်တန့်ရေးနှင့် ဖမ်းဆီးထားသူများလွှတ်ပေးရေး ကိုသာ တစိုက်မတ်မတ် တောင်းဆိုခဲ့သည်။

ပြည်တွင်းနိုင်ငံရေး လေ့လာသူတစ်ဦးက “စစ်ကောင်မရှင်က ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် သုံးဖို့ ကြိုးစားနေတာကို အမေရိကန်က လုံးဝအသိအမှတ်မပြုဘူးဆိုတာ ပြလိုက်တာပဲ။ တရားဝင်မှု (Legitimacy) မရှိတဲ့ ရွေးကောက်ပွဲထက်၊ တကယ့်မြေပြင်က အကြမ်းဖက်မှုတွေ ရပ်ဖို့ကိုပဲ ဦးစားပေးတောင်းဆိုနေတာဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးကစားကွက်ကို အမေရိကန်က ပိတ်လိုက်တာပါပဲ” ဟု ဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အနေဖြင့် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်နေမည်ဟု ကတိကဝတ်ပြုခဲ့ခြင်းသည် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအတါက် ကြီးမားသော အားဆေးတစ်ခွက်ဖြစ်ပြီး စစ်ရေးအရ အကျပ်ရိုက်နေသည့် စစ်အုပ်စုအတါက် နိုင်ငံတကာ ဖိအားများ ပိုမိုမြင့်တက်လာတော့မည့် အရိပ်အယောင်ပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။

ယခုကဲ့သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်သည် စကားလုံးအလှများဖြင့် ဖွဲ့နွှဲ့ထားသည့် သဝဏ်လွှာတစ်ခုမဟုတ်ဘဲ ထရန့်အစိုးရ၏ မြန်မာ့အရေးအပေါ်ထားရှိမည့် ပြတ်သားသော ခြေလှမ်းသစ်များဖြစ်ကာ ယခုနှစ်အတွင်း အမေရိကန်၏ ပိုမိုပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ သို့မဟုတ် တော်လှန်ရေးအင်အားစုများအပေါ် သိသာထင်ရှားသည့် ကူညီထောက်ပံ့မှုများ မြင်တွေ့လာနိုင်ဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

စာတည်း-ကိုဆန်း