AFP
ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရိုအား ဖမ်းဆီးဖယ်ရှားပြီးနောက် အမေရိကန်အနေဖြင့် အဆိုပါနိုင်ငံ၏ ရေနံလုပ်ငန်းမှ အကျိုးအမြတ်အမြောက်အများရလိမ့်မည်ဟု သမ္မတဒေါ်နယ်ထရန့်က ဇန်နဝါရီလ ၃ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့အပြင် ဗင်နီဇွဲလားနိုင်ငံအတွင်း အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့စေရန်အတွက် အမေရိကန်အနေဖြင့် အဆိုပါနိုင်ငံအား ဆက်လက်စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်းလည်း ထရန့်က ပြောကြားသည်။
အမေရိကန် အထူးတပ်ဖွဲ့များက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအား ဖမ်းဆီးပြီး နယူးယော့ခ်ရှိ ထိန်းသိမ်းရေးစင်တာသို့ ပို့ဆောင်ခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
သမ္မတထရန့်က ဗင်နီဇွဲလားတွင် “ဘေးကင်းပြီး မှန်ကန်သော” အသွင်ကူးပြောင်းမှုတစ်ရပ် ဖြစ်ပေါ်လာသည်အထိ အမေရိကန်က ဦးဆောင်သွားမည်ဟု ဆိုသည်။
သို့သော် အမေရိကန်တပ်ဖွဲ့များက နိုင်ငံကို မည်မျှအထိ အချိန်ယူ သိမ်းပိုက်ထားမည်ဆိုသည့် အချက်ကိုမူ တိတိကျကျ ပြောဆိုခြင်း မရှိပေ။
ယခုစစ်ရေးလှုပ်ရှားမှုကြောင့် လက်တင်အမေရိကဒေသတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ကမူ အမေရိကန်၏ လုပ်ရပ်ကို “နိုင်ငံတော်အဆင့် အကြမ်းဖက်မှု” အဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး မာဒူရိုသည်သာ တရားဝင်သမ္မတဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက အက်ဒ်မွန်ဒို ဂွန်ဇာလက်စ်အား သမ္မတအဖြစ် ချက်ချင်းအသိအမှတ်ပြုရန် တောင်းဆိုနေသော်လည်း သမ္မတထရန့်က မည်သည့်ဘက်ကိုမျှ အပြည့်အဝ ထောက်ခံခြင်း မရှိသေးပေ။
စီးပွားရေးရှုထောင့်အရ သမ္မတထရမ့်က ဗင်နီဇွဲလား၏ ရေနံကဏ္ဍကို ပြန်လည်အသက်သွင်းရန် စိတ်အားထက်သန်နေပြီး အမေရိကန် ရေနံကုမ္ပဏီများ ပြန်လည်ဝင်ရောက်လာနိုင်ရေးကို အရိပ်အမြွက် ပြောကြားခဲ့သည်။ ၎င်းက “နိုင်ငံကို မှန်မှန်ကန်ကန် စီမံခန့်ခွဲပြီး အကျိုးအမြတ်တွေ ရအောင်လုပ်ဆောင်သွားမည်” ဟု အခိုင်အမာ ဆိုခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း ဤကိစ္စနှင့် ပတ်သက်၍ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် ကိုလံဘီယာနိုင်ငံက တောင်းဆိုထားသည်။
လက်ရှိတွင် ကာရာကပ်စ်မြို့၌ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အနည်းဆုံး ၄၀ ခန့် ရှိနေပြီဖြစ်ကြောင်း New York Times က ဖော်ပြထားသဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များကလည်း အရပ်သားများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြသည်။
