စစ်တပ်အင်အားတောင့်တင်းကြောင်း ဝါဒဖြန့်မှုများနှင့် မြေပြင်လက်တွေ့အခြေအနေ တခြားစီဖြစ်နေဟုဆို

စစ်ကော်မရှင်ထောက်ခံသည့် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် စစ်တပ်၏ အင်အားတောင့်တင်းမှုနှင့် ရိက္ခာခဲယမ်း ပြည့်စုံမှုများအကြောင်း ရေးသားကာ CDM ဝန်ထမ်းများနှင့် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေသော်လည်း မြေပြင်အခြေအနေတွင်မူ စစ်ကော်မရှင်သည် စစ်ရေး၊ စီးပွားရေးနှင့် စည်းရုံးရေး အဘက်ဘက်တွင် အဆိုးရွားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ထောက်ပြကြသည်။

လော်ဘီများ၏ ရေးသားချက်များတွင် နိုင်ငံတော်ကို အပျက်မခံဘဲ အကောင်းဆုံး ထိန်းသိမ်းနေသည် ဟု ဆိုထားပြီး CDM ဝန်ထမ်းများနှင့် တော်လှန်ရေးအင်အားစုဘက် ရပ်တည်ခဲ့ကြသည့် စစ်သားနှင့် ရဲဝန်ထမ်းများကို နိုင်ငံရေးစံချိန်နိမ့်ပါးသူများအဖြစ် သရော်ထားသည်။ ထို့ပြင် တပ်မတော်အနေဖြင့် ရေရှည်စစ်ပွဲအတွက် လက်နက်ခဲယမ်း၊ စက်သုံးဆီနှင့် ငွေကြေး အပြည့်အစုံရှိနေပြီဖြစ်ကြောင်းနှင့် မကြာခင် တော်လှန်ရေးအဖွဲ့များ လက်နက်ချရတော့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ဝါဒဖြန့်လျက်ရှိသည်။

သို့သော်လည်း လက်တွေ့တွင်မူ နိုင်ငံအနှံ့အပြားရှိ ဗျူဟာကုန်းများနှင့် မြို့ပေါင်းများစွာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF ပူးပေါင်းတပ်များထံ လက်လွှတ်ထားရပြီး ဖြစ်သည်။ စစ်ကော်မရှင်တပ်များသည် စစ်ကူနှင့် ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံထားရသဖြင့် လေကြောင်းပစ်ကူကိုသာ အားကိုးနေရပြီး မြေပြင်ခြေလျင်တပ်ရင်းများမှာ အင်အားပြုန်းတီးမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရကြောင်း စစ်ရေးလေ့လာသူများက ထောက်ပြသည်။

“တပ်ရင်းလိုက် လက်နက်ချတာတွေ၊ စခန်းစွန့်ခွာတာတွေက ကြားနေ၊ မြင်နေရတာပဲ။ စက်သုံးဆီနဲ့ ရိက္ခာရှိတယ်ဆိုရင် ဘာလို့ မြို့တွေကို ဆက်တိုက် အသိမ်းခံနေရတာလဲ။ တရုတ်ကောင်းမှုကြောင့် တချို့ပြန်ရထားတာတွေတော့ရှိတယ်။ ဒါပေမဲ့ ဝါဒဖြန့်စာသားနဲ့ မြေပြင်အမှန်တရားကြားက အများကြီးကွာပါတယ်” ဟု စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

CDM ဝန်ထမ်းများကို ဆင်ခြင်တုံတရားမဲ့သူများအဖြစ် စွပ်စွဲချက်အပေါ်တွင်လည်း CDM ဆရာမတစ်ဦးက “ကျွန်မတို့က သေချာစဉ်းစားပြီးမှ ဒီလမ်းကို ရွေးခဲ့တာပါ။ ပြည်သူ့ဘဏ္ဍာနဲ့ ပြည်သူကို ပြန်သတ်နေတဲ့ ယန္တရားမှာ အသုံးချခံရတာဟာ နိုင်ငံရေးစံချိန်နိမ့်တာမဟုတ်ဘူး၊ ကိုယ်ကျင့်တရားနဲ့ပဲဆိုင်ပါတယ်။ လော်ဘီတွေက နိုင်ငံရေးစံချိန်အကြောင်း ပြောနေပေမဲ့ ကိုယ့်ပြည်သူကိုယ် ပြန်သတ်တာဟာ ဘယ်လိုနိုင်ငံရေးစံချိန်လဲလို့ မေးချင်တယ်” ဟု တုံ့ပြန်ထားသည်။

ထို့ပြင် စစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်အဖြစ် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအပေါ်တွင်လည်း ပြည်သူများက ယုံကြည်မှုမရှိသည့်အပြင် နိုင်ငံတကာသံတမန်နယ်ပယ်တွင်လည်း အထီးကျန်လျက်ရှိသည်။

စီးပွားရေးအရလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုကို မထိန်းချုပ်နိုင်ခြင်းက သက်သေပြနေပြီး ငွေကြေးအပြည့်အစုံရှိသည်ဆိုသော အချက်သည် အထောက်အထားမရှိဘဲ မိမိကိုယ်ကို အားပေးသည့် ပြောဆိုမှုများသာဖြစ်သည်ဟု ဝေဖန်နေကြသည်။

“နိုင်ငံက အဘက်ဘက်က ပျက်ယွင်းနေပြီ။ အခြေခံပြည်သူတွေဘဝကလည်း တဖြည်းဖြည်း မြေကြီးထဲဝင်နေပါပြီ။ သူတို့က ဘယ်လိုတည်ဆောက်ပေးမှာလဲ။ ရွေးကောက်ပွဲလုပ်ချင်လို့ ရွေးကောက်ပွဲပြီးရင် ဘာလုပ်ပေးမယ်၊ ဘာဖြစ်အောင်လုပ်မယ်ဆိုပြီး ပြောနေကြပေမဲ့ လက်ရှိနိုင်ငံရဲ့ အခြေအနေနဲ့တော့ လက်တွေ့မကျလှပါဘူး။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလည်း ထွက်၊ ပြည်တွင်းမှာ အလုပ်တစ်ခုရဖို့က အနိုင်နိုင်။ အလုပ်လက်မဲ့တွေများလှပါပြီ”ဟု ရွှေပြည်သာမြို့နေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ၎င်းတို့၏ လက်အောက်ခံတပ်ဖွဲ့ဝင်များ စိတ်ဓာတ်မကျဆင်းစေရန် တော်လှန်ရေးအင်အားစုများ မကြာခင် အရေးနိမ့်တော့မည်ဟူသော ဝါဒဖြန့်ချိရေးယန္တရားကို အရှိန်အဟုန်မြှင့် အသုံးပြုနေသော်လည်း မြေပြင်စစ်မျက်နှာများတွင် နယ်မြေလက်လွှတ်ရမှုနှင့် အုပ်ချုပ်ရေးယန္တရား ပျက်ပြားမှုများက စစ်ကော်မရှင်၏ အင်အားချည့်နဲ့လာမှုကို ပိုမိုထင်ရှားစေသည်ဟု သုံးသပ်ကြသည်။

စာတည်း-ကိုဆန်း