ဒေသအခြေပြု တပ်ပေါင်းစုနှင့် ကြားကာလယူနစ်အစိုးရများ ဖွဲ့စည်းနိုင်မှု အနာဂတ်နိုင်ငံတော်အ တွက် ခိုင်မာသောအုတ်မြစ်ဟု NUGဆို

ဒေသအခြေပြုတပ်ပေါင်းစုများနှင့် ကြားကာလယူနစ်အစိုးရများ စနစ်တကျ ဖွဲ့စည်းနိုင်ခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် ခိုင်မာသောအုတ်မြစ်ချလိုက်နိုင်ခြင်းဖြစ်ကြောင်း NUGအစိုးရက ဆို သည်။

ဇန်နဝါရီ၄ရက်၊ ၇၈ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ဖော်ပြထားသလို စစ်ရေးအရ ပိုမိုထိရောက် ပြီး ဟန်ချက်ညီသည့် တစ်ခုတည်းသောကွပ်ကဲမှု ကို ဖော်ဆောင်နိုင်ခြင်းသည် ပြည်သူ့နွေဦးတော် လှန်ရေး၏ တိုးတက်မှုများ ဖြစ်ကြောင်းလည်း ဆိုသည်။

“တလောက နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းလိုက်နိုင်တယ်။ပြီးတော့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကြားကာလအစိုးရအဖွဲ့တွေ ဖွဲ့စည်းလိုက်နိုင်တယ်။စုစည်းမှုတစ်စုံတစ် ရာရှိလာတယ်။ကိုယ့်နေရာကိုယ်သိပြီး အပြန်အလှန်လေးစားစိတ်၊တန်းတူစိတ်နဲ့ ပူးပေါင်းတိုက်ပွဲ ဝင် မှုတွေ ဆက်ပြီး လက်တွေ့မြေပြင်မှာ အားကောင်းမယ်ဆိုရင် အရွေ့တွေက ပိုမြန်လာမှာ သေချာ တယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

ယခုရရှိထားသော တော်လှန်ရေး အလားအလာကောင်းများကို အရင်းပြုလျက် စစ်အာဏာရှင် စနစ်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်သည်အထိ တိုင်းရင်းသားညီနောင်များ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ လက်တွဲ၍ အဆုံးတိုင် ချီတက်သွားမည်ဟု သန္နိဋ္ဌာန်ပြုကြောင်းနှင့် ယနေ့ဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် ၅နှစ်နီးပါး ကာလအတွင်း ပြည်သူတစ်ရပ်လုံး၏ စုစည်းညီညွတ်မှုဖြင့် အရှိန်အဟုန်မြင့် တိုးတက်လာခဲ့ရာ ယခုအခါ အားတက်ဖွယ်ရာ တိုးတက်မှု များကို လက်တွေ့မြင်တွေ့နေရပြီ ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

ဒီဇင်ဘာ၂၃ရက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့နှင့် နိုဝင်ဘာ၂၈ရက်တွင် မန္တလေးဒေသ ကြားကာလ အုပ်ချုပ်ရေးကောင်စီတို့ကို NLDပါတီလွှတ်တော်အမတ်၊ အရပ်ဘက်အဖွဲ့၊CDM စသည့် အလွှာစုံပါဝင်မှုဖြင့် ဖွဲ့စည်းခဲ့သည်။

NUGအစိုးရနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။

တော်လှန်ရေးအင်အားစု ၁၉ဖွဲ့ပါဝင်သော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက် ကြောင်း ဒီဇင်ဘာ၁၅ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း-ML