မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ၃ ရက်ဆက်တိုက် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၁၃ ဦးသေဆုံး ခဲ့ကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီ ၅ ရက်) နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်အရှေ့ခြမ်း၊ ဂွေးတောက်ကုန်းရွာသို့ ထွက်လာသည့် အင်အား ၇၀ ဝန်းကျင်ပါစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုအား အတည်မပြုနိုင်သေးကြောင်း နတ်မောက်မြို့နယ်ပကဖက သတင်းထုတ် ပြန်သည်။
” နတ်မောက်ကနေပဲထွက်လာပြီး မနေ့က ညမှာ ဂွေးတောက်ကုန်းဘက်ကို ရောက်တာ။ ၂ရက်နေ့ မှာ ကျနော်တို့ စိုင်ကောင်းလမ်းပေါ်မှာ စစ်တပ်အရာရှိ သုံးပွင့်တစ်ယောက်ပါတဲ့ ကားကို ကျနော် ပစ်ခတ်ပြီး လက်နက်တွေသိမ်းထားတာ ရထားတယ်ဆိုတော့ခါကျတော့ အဲဒါကြောင့် စစ်ကြောင်း ထိုး တယ်ကြားတယ်ဗျ” ဟု နတ်မောက်မြို့နယ်ပကဖတာဝန်ခံ ကိုအဆိပ်သီးက MPA သို့ပြောသည်။
ဇန်နဝါရီ ၄ရက်၊ နံနက် ၁၀နာရီခန့်တွင်လည်း နတ်မောက်မြို့နယ် အနောက်ခြမ်း၊ တဲကြီးရွာမှ ဖန်းခါးစမ်းရွာဘက်သို့ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
” ရွာပြင်မှာပါပဲ။ မိုင်းက ၃လုံးကွင်းပါပဲ။ မိုင်းဆွဲပြီဆိုတာနဲ့ မသေဘဲ ကျန်တဲ့ကောင်တွေက ရမ်းသန်းပစ်ခတ်တာတွေရှိပါတယ်။ နောက်ချန်ခွေးတွေက လက်နက်ကြီးပစ်ကူတွေ ပစ်ပြီး ဒရုန်းတွေတန်းဝဲပါတယ်” ဟု ၎င်းကပြောသည်။
ဇန်နဝါရီ ၃ရက်၊ နံနက် ၉နာရီခွဲခန့်ကလည်း နတ်မောက်မြို့နယ်အနောက်ခြမ်း၊ တဲကြီးရွာဘက်သို့ ထွက်လာသည့် အင်အား ၅၀ဝန်းကျင်ပါ စစ်ကြောင်းကို ရွာအပြင်ဘက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
” နတ်မောက်ကထွက်လာတာပါ။ တောင်တွင်း၊ မြို့သစ်၊ နတ်မောက်စုပေါင်းပြီးထွက်လာတာပါ။ မိုင်းက ၃လုံးကွင်းပါ။ ခွေးတွေက ရမ်းပြီး ပစ်ခတ်တာတွေရှိပါတယ်ခင်ဗျာ ” ဟု ၎င်းကဆက် လက်ပြောသည်။
ယင်းတိုက်ခိုက်မှုများတွင် သေဆုံး၊ ဒဏ်ရာရသူများကို မျက်မြင် ပြည်သူများ၏ သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။
ယင်းသို့ မိုင်းဆွဲခံရပြီးနောက် နတ်မောက်မြို့နယ်အနောက်ခြမ်းရှိ စစ်ကြောင်းသည် နတ်မောက်မြို့ ဘက်သို့ တဖြည်းဖြည်းပြန်လည်ဆုတ်ခွာနေပြီး မြို့နယ်အရှေ့ခြမ်းရှိ စစ်ကြောင်းသည်လည်း ဂွေးကုန်းရွာဘက်သို့ ဆုတ်ခွာသွားကြောင်းသိရသည်။
ဇန်နဝါရီ ၂ရက်က နတ်မောက်-ပျော်ဘွယ်လမ်းဟောင်းပေါ်သို့ စိုင်ကောင်းဘက်မှ ထွက်လာသည့် စစ်သား ၃ဦးပါကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၂ဦးသေဆုံးပြီး သေနတ် ၂လက်နှင့် ကျည်အချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
