ပြည်သူများ မရှိတော့သည့် ဘုတလင်မြို့ပေါ်တွင် ရွေးကောက်ပွဲအတုပြုလုပ်ရန် စစ်ကော်မရှင် ကြံစည်နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ပေါ်တွင် ဒီဇင်ဘာ၂၈ရက် မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ အနည်းငယ်မျှသာ ကျန်တော့သော်လည်း မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ရောက်လာသော စစ်ကူစစ်ကြောင်းနှင့်အတူ ရွေးကောက်ပွဲလုပ်ရန် လူများပါလာကြောင်း ဘုတလင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊နာယက ဒေါက်တာဇေလင်းမောင်(SFUH)ထံက သိရသည်။
“ဟိုတစ်နေ့က စစ်ကြောင်းထိုးတဲ့အခါ သံပြားကာကားတွေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ရွေးကောက်ပွဲ ဆိုင်းဘုတ်တွေ၊ဘာညာသရကာတွေ သယ်လာတယ်။လူတွေလည်း ပါလာတယ်လို့ သိရတယ်”ဟု ၎င်းက MPAသို့ပြောသည်။
မုံရွာနမခမှလာသော စစ်ကားများသည် ဇန်နဝါရီတစ်ရက်တွင် ဘုတလင်မြို့ထဲသို့ ရောက်ရှိခဲ့ ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ရွာဇော်ကြီး-တော်လှန်အသံက ဖော်ပြထား သည်။
“သူတို့က ရွေးကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင် သူတို့ ဘာသာ အသင့်ခေါ်ဆောင်လာတဲ့လူတွေနဲ့ ဓာတ်ပုံရိုက်တာတွေပဲ လုပ်လို့ရမှာ”ဟု ဒေါက်တာ ဇေလင်းမောင်(SFUH)က ဆက်လက်ပြောသည်။
၂၀၂၄ခုနှစ်၊အောက်တိုဘာလအတွင်း ဘုတလင်မြို့ပေါ်၊စီပါရွာနှင့် အခြားရွာများမှ ပြည်သူ ၂၂ဦး ထက်မနည်းကို ကျားဘီလူးစစ်ကြောင်းက ရက်ရက်စက်စက်သတ်ဖြတ်ပြီးနောက် ဘုတလင်မြို့ ပေါ်ရှိ ပြည်သူများ တဖြည်းဖြည်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ ၂၀၂၅ခုနှစ်၊ဒီဇင်ဘာ၂၈ရက် မြို့ သိမ်းတိုက်ပွဲမတိုင်မီအထိ ပြည်သူ ၁၅ရာခိုင်နှုန်းကျော်သာ မြို့ပေါ်၌ ရှိတော့ကြောင်း မြို့သိမ်းတိုက် ပွဲမဖြစ်မီ မြို့ပေါ်နေပြည်သူအများစုလည်း တိမ်းရှောင်သွားကြကြောင်း သိရသည်။
“မြို့ပေါ်မှာ စစ်သားတွေပဲကျန်တော့တယ်လို့ ပြောလို့ရတယ်။ စစ်သားတွေနဲ့ ပျူတွေပဲ။ ပျူစစ်ပေါ့။ ပြည်သူက နည်းနည်းတော့ ရှိဦးမှာ။ဘယ်လိုပြဿနာပဲဖြစ်ဖြစ် ပေပြီးတော့ နေမယ်ဆိုပြီးတော့ တောင်သူနည်းနည်းတော့ ရှိဦးမှာ။အဲဒီလောက်ပဲ ရှိတော့တယ်”ဟု ၎င်းက ပြောသည်။
ဘုတလင်မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှာ ၂၀၂၁ခုနှစ်၊နွေဦးတော်လှန်ရေးအစ ဆန္ဒပြပွဲကတည်း က CDM လုပ်ကြသောကြောင့် ယင်းအချိန်မှ ယနေ့တိုင် ဌာနဆိုင်ရာရုံးများ ပိတ်ထားကြောင်း သိရ သည်။
မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက “ဘုတလင်ရဲ့ ထူးခြားချက်က ပျူရွာဆိုတာ မရှိဘူး။ မြို့ပေါ် အုပ်ချုပ်ရေးယန္တရားမရှိဘူး။မြို့ပေါ်မှာ စစ်သား၊ရဲနဲ့ပျူပဲ ရှိတယ်။ကျန်တဲ့ဝန်ထမ်းမရှိဘူး။ မြို့ပေါ်မှာတောင် PDFတွေ ဝင်ထွက်သွားလာနေတယ်။စစ်တပ်က သူတို့အထိုင်ချထားတဲ့နေရာ ကွက်ကွက်လေးပဲ သူတို့ထိန်းချုပ်နယ်မြေဖြစ်နေတာ”ဟု ပြောသည်။
ဘုတလင်မြို့ပေါ်တွင် စစ်တပ်အထိုင်ချထားသည့် နေရာ၄နေရာရှိပြီး ကျန်နေရာများ၌ တော်လှန် ရေးရဲဘော်များ သွားလာလျက်ရှိကြောင်း ထို့အပြင် ဘုတလင်မြို့နှင့်ကပ်လျက်ရွာများကိုလည်း စစ် တပ်က စိုးမိုးနိုင်မှုမရှိသဖြင့် မြို့ပြင်ထွက်သည်နှင့် PDF တို့က တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
“လုံးဝအုပ်ချုပ်ခွင့်မရဆိုတဲ့ ဆောင်ပုဒ်က ဘုတလင်မှာ သွားပြီး ကိုက်နေတယ်”ဟု ဒေါက်တာဇေ လင်းမောင်(SFUH)က ပြောသည်။
ဘုတလင်မြို့ပေါ်တွင် စစ်အုပ်စုဝင် အင်အား ၂၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။
ဒီဇင်ဘာ၂၈ရက်တွင် ဘုတလင်မြို့တွင်းသို့ တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ကို ယာယီထိန်းချုပ်ခဲ့ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သား၁၅ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဇန်နဝါရီ၁၁ရက်တွင် ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ အပိုင်း၂ ၌ ဘုတလင်မြို့နယ်လည်း ပါဝင်သည်။
