ဗင်နီဇွဲလားသမ္မတက အမေရိကန်၏ စွဲချက်များအပေါ် အပြစ်မရှိကြောင်း လျှောက်လဲ

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုက အမေရိကန်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် ဇန်နဝါရီ ၅ ရက်က ပြုလုပ်သည့် တရားရုံးထုတ်စစ်ဆေးမှု၌ မူးယစ်ဆေးဝါးဆိုင်ရာ စွဲချက်များအပေါ် အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။

“ကျွန်တော်ဟာ ဗင်နီဇွဲလားသမ္မတနိုင်ငံရဲ့ သမ္မတဖြစ်ပြီး ဇန်နဝါရီ ၃ ရက် စနေနေ့ကတည်းက ဒီကို ပြန်ပေးဆွဲ ခေါ်ဆောင်ခံထားရတာပါ၊ ကျွန်တော့်ကို ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့က ကျွန်တော့်အိမ်မှာပဲ ဖမ်းဆီးခဲ့တာပါ” ဟု မာဒူရိုက စကားပြန်မှတစ်ဆင့် စပိန်ဘာသာစကားဖြင့် တရားရုံးသို့ လျှောက်လဲချက်တင် ခဲ့သည်။

“ကျွန်တော် အပြစ်မရှိပါဘူး။ ကျွန်တော်ဟာ လူကောင်းတစ်ယောက်ပါ။ ကျွန်တော်ဟာ ကိုယ့်နိုင်ငံရဲ့ သမ္မတအဖြစ် ရှိနေဆဲပါ” ဟုလည်း အသက် ၆၃ နှစ်အရွယ်ရှိ မာဒူရိုက ပြောကြားခဲ့သည်။

မာဒူရို၏ဇနီး စီလီယာ ဖလောရက်စ်ကလည်း ၎င်းတွင် အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။

မာဒူရိုသည် နိုင်ငံတကာ မူးယစ်ဂိုဏ်းများနှင့် ပူးပေါင်း၍ ကိုကင်းမှောင်ခိုကွန်ရက်ကို ကြီးကြပ်ကွပ်ကဲခဲ့သည်ဟု စွပ်စွဲခံထားရပြီး စွဲချက်တင်ခံထားရသည့် အမှု ၄ ခုမှာ မူးယစ်ဆေးဝါးအသုံးချအကြမ်းဖက်မှု၊ ကိုကင်းတင်သွင်းရန် ပူးပေါင်းကြံစည်မှု၊ စက်သေနတ်များနှင့် ဖျက်အားပြင်းပစ္စည်းများ လက်ဝယ်ထားရှိမှုတို့ ဖြစ်သည်။

မာဒူရိုက အဆိုပါစွပ်စွဲချက်များကို အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး ယင်းတို့မှာ ဗင်နီဇွဲလား၏ ကြွယ်ဝလှသော ရေနံသိုက်များအပေါ် နယ်ချဲ့လိုသည့် ရည်ရွယ်ချက်များကို ဖုံးကွယ်ထားခြင်းသာဖြစ်သည်ဟု ဆိုခဲ့သည်။

သူ၏ ရှေ့နေ ဘာရီ ပိုလက်ခ်က ၎င်း၏အမှုသည်အား “စစ်ရေးအရ ပြန်ပေးဆွဲမှု” နှင့် ပတ်သက်၍ ရှုပ်ထွေးပြီး ကျယ်ပြန့်သော ဥပဒေကြောင်းအရ အငြင်းပွားမှုများ ရှိလာနိုင်ကြောင်း ကြိုတင်ခန့်မှန်းပြောကြားခဲ့သည်။

နာရီဝက်ကြာမြင့်သော ကြားနာမှုမစတင်မီ မာဒူရိုအား ထောက်ခံသူများနှင့် ကန့်ကွက်သူ ဆန္ဒပြသူအများအပြားသည် တရားရုံးပြင်ပတွင် စုဝေးခဲ့ကြသည်။
နောက်ထပ်ရုံးချိန်းကို မတ်လ ၁၇ ရက်နေ့သို့ သတ်မှတ်လိုက်သည်။