စစ်ကော်မရှင်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသန်းစိုးက နိုင်ငံရေးပါတီများအနေဖြင့် ပြိုင်ဘက်ပါတီများနှင့် ကိုယ်စားလှယ်များကို စော်ကားပုတ်ခတ်ပြောဆိုပါက ရာဇဝတ်ကြောင်းအရ အရေးယူမည်ဟု ပြောကြားလိုက်ခြင်းမှာ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ (USDP) ကို မည်သူမျှ ဝေဖန်ထောက်ပြ၍မရအောင် ဥပဒေဖြင့် အကာအကွယ်ပေးရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြသည်။
ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ဦးသန်းစိုးက မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ၌ တစ်ဖက်ပါတီကို နှိမ့်ချပုတ်ခတ်ခြင်းသည် ကျင့်ဝတ်သိက္ခာမဲ့သည့် လုပ်ဆောင်ချက်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု လည်း မြောက်နိုင်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးခဲ့ခြင်း ဖြစ်သည်။
ပုတ်ခတ်စော်ကားမှု ခေါင်းစဉ်အောက်မှ ခြိမ်းခြောက်မှု အဆိုပါ ပြောကြားချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူများက ဝေဖန်ထောက်ပြကြရာတွင် ဦးသန်းစိုး၏ စကားလုံးများသည် ပုံမှန်စည်းကမ်းထိန်းသိမ်းမှုထက် ကျော်လွန်ကာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်ဟု ဆိုကြသည်။
“ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်နိုင်တယ်လို့ ထည့်သွင်းပြောခဲ့တာက ကြံ့ခိုင်ရေးပါတီရဲ့ မသမာမူတွေကို ထောက်ပြဝေဖန်နေတဲ့ ပါတီငယ်တွေနဲ့ တစ်သီးပုဂ္ဂလတွေကို ပါးစပ်ပိတ်ထားဆိုပြီး ပြောလိုက်တာပဲ။ ငါတို့ လုပ်နေတာကို မင်းတို့ဘာမှ ပြောပိုင်ခွင့်မရှိဘူးလို့ အာဏာရှင်ဆန်ဆန်လုပ်လိုက်တာပဲ၊ မတရားတဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်နေတဲ့သူတွေ ခံပေါ့” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် နိုင်ငံရေး တက်ကြွလှုပ်ရှာသူ တစ်ဦးကလည်း “လက်ရှိမှာ အင်အားအကြီးဆုံးနဲ့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးရဲ့ အားနည်းချက်တွေ၊ ဒါမှမဟုတ် ရွေးကောက်ပွဲအတွင်း မသမာမှုတွေကို တခြားပါတီတွေက ထုတ်ပြောလာရင် ‘ပုတ်ခတ်စော်ကားမှု’ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဥပဒေနဲ့ နှိပ်ကွပ်ဖို့ လမ်းစရှာထားတာ ဖြစ်တယ်” ဟု သုံးသပ်သည်။
ယခုကဲ့သို့ UEC ဥက္ကဌ ပြောကြားချက်များသည် လက်ရှိ အင်အားအကောင်းဆုံဟု သတ်မှတ်ထားသည့် ကြံ့ဖွံ့ပါတီ၏ မရှိသည့် ဂုဏ်သိက္ခာကို မထိပါးရန် သတိပေးခြင်းဖြစ်သည့်အပြင် အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၁ ရလဒ်အပေါ်ကာကွယ်ခြင်းနှင့် အပိုင်း ၁ တွင် ကြံ့ဖွံ့ပါတီက နေရာအများစု အနိုင်ရထားချိန်တွင် ဝေဖန်သူများနှင့် ကန့်ကွက်သူများကို နှုတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း လေ့လာသူများက ထောက်ပြသည်။
“အတိုက်ခံကင်းမဲ့နေတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါတီငယ်တွေနဲ့ တစ်သီးပုဂ္ဂလတွေက မဲမသမာမူကို ထောက်ပြကြတယ်။ အဲ့ဒါကို တရားမဲ့ပြုကျင့်မှု ခေါင်းစဉ်နဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်တာက စစ်တပ်နဲ့ ကြံ့ခိုင်ရေးဟာ တသားတည်းဖြစ်နေတယ်ဆိုတာကို ထပ်ပြလိုက်တာပဲဖြစ်တယ်” ဟု နိုင်ငံရေး သိပ္ပံလေ့လာနေသည့် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို တရားမျှတသည်ဟု ကမ္ဘာကို ပြသနိုင်ရန် ကြိုးစားနေသော်လည်း မြေပြင်တွင် မသမာသည့် ကြိုတင်မဲများ၊ ဝန်ထမ်းမိသာစုများကို အကျပ်ကိုင်ခြင်းများနှင့် ပတ်သက်ပြီး သတင်းများထွက်ပေါ်နေချိန် UEC ဥက္ကဌက ယခုကဲ့သို့ ပြောကြားခြင်းမှာ အတုအယောင်သာဖြစ်သည်ကို ဝန်ခံလိုက်ခြင်းပင်ဖြစ်သည်။
နိုင်ငံရေးလေ့လာသူများက ဦးသန်းစိုး၏ ညွှန်ကြားချက်များသည် ရွေးကောက်ပွဲအတွင်း ပြိုင်ဘက်များအကြား ပွတ်တိုက်မှုမရှိစေရန် ထိန်းကျောင်းခြင်းထက် ၎င်းတို့စိတ်ကြိုက် ပုံဖော်ထားသည့် ကြံ့ခိုင်ရေးပါတီကို မည်သူမျှ လက်ညှိုးထိုးဝေဖန်၍မရအောင် “ဥပဒေဖြင့် အကာအကွယ်ပေးလိုက်ခြင်း” သာ ဖြစ်ကြောင်း တညီတညွတ်တည်း သုံးသပ်ထားကြသည်။
