ရေး-ထားဝယ်လမ်းပိုင်းတွင် ခရီးသွားယာဉ်ပစ်ခတ်ခံရမှုများရှိနေသည့်အတွက် သတိထားသွားလာကြရန် တော်လှန်ရေးတပ် တိုက်တွန်း

By Min AB / MPA

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အမှတ်(၈)ပြည်ထောင်စုလမ်းမပေါ်တွင် ခရီးသွားယာဉ် ပစ်ခတ်ခံရမှုများ ရှိနေသည့်အတွက် သတိထားသွားလာကြရန် တော်လှန်ရေးတပ်များက တိုက်တွန်းထားသည်။

ရေဖြူမြို့နယ် ကလိန်းအောင်-မလွဲတောင်လမ်းပိုင်းတွင် စစ်ကော်မရှင်လက်အောက်ခံတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား နေ့စဉ်ဆိုသလို ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်အုပ်စုဘက်က အရပ်သားခရီးသွားများကို အကာအကွယ်ယူပြီး စစ်ရေးဖော် ဆောင်နေသည့်အတွက် အရပ်သားထိခိုက်မှုများ ရှိနေခြင်း ဖြစ်သည်။

“စစ်အုပ်စုက အရပ်သားတွေရှိတဲ့အချိန်ကို အားပြုပြီး ဝင်လုံးနေတာ၊ ဖြစ်လိုက်ရင် ကားလမ်းပိုင်းမှာပဲ များတယ်၊ တော်လှန်ရေးဘက်ကလည်း အရပ်သားရှိနေတဲ့အခါကျတော့ တော်တော်လေးကို သတိထားရတယ်။ ဒီကောင်တွေ(စစ်တပ်)က အရပ်သား ဘာညာလုပ်တာမဟုတ်ဘူး၊ ရမ်းပစ်တာပဲ” ဟု ရေဖြူမြို့နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA ကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာ လမ်းမပေါ်တွင် ၆ ဘီးကုန်တင်ယာဉ် အပါအဝင် ယာဉ် ၃ စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားတစ်ဦး ကျည်ထိဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ယင်းလမ်းပိုင်းတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အရပ်သားခရီးသွားယာဉ်များ ပစ်ခတ်ခံရမှုများ ရှိလာသည့်အတွက် သတိထားသွားလာရန် တော်လှန်ရေးတပ်များက အသိပေးနေခြင်းလည်းဖြစ်သည်။

“ကျတော်တို့က ဒီလမ်းကို အသုံးမပြုသင့်တဲ့အချိန်ဆို အမြဲတမ်းသတိပေးတယ်။ အခုက သတိပေးထားတဲ့ ကာလမှာပဲ ဖြစ်သွားတာ၊ ကျတော်တို့က လူထုကို ကိုယ်ချင်းစာတယ်၊ မပေးသွားဘူးဆိုတာက အသက်အန္တရာယ်ရှိနေလို့ပါ။ အခုဆို ဖြစ်လာတော့ လူထုပဲ ထိခိုက်တယ်” ဟု ရေဖြူအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

နှစ်ဖက်ထိတွေ့မှုသည် မကြာမကြာဖြစ်ပွားလာပြီးနောက် ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလ အစောပိုင်းတွင် တိုက်ပွဲပိုမိုပြင်းထန်လာပြီး ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ဩဂုတ်လ ၂၆ ရက်နေ့တွင် ရေး-ထားဝယ်လမ်းပိုင်းကို ခေတ္တပိတ်လိုက်သည့်အတွက် ခရီးသွားယာဉ် ရာချီပိတ်မိပြီး ပိတ်မိနေသည့်ခရီးသွားများ နေထိုင်စားသောက်ရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းလမ်းပိုင်း အသုံးပြုသူများက ပြောသည်။

ထို့နောက် နှစ်ပတ်နီးပါးအကြာ စက်တင်ဘာလ ၆ ရက်နေ့တွင် ပိတ်မိနေသည့်ယာဉ်များကို ဖြတ်သန်းသွား လာခွင့်ပြုခဲ့သည့်နေ့တွင် ယာဉ်တချို့ ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

လက်ရှိ ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပြုထားသော်လည်း သတိထားသွားလာကြရန် လိုအပ်ကြောင်း ယင်းလမ်းပိုင်းအသုံးပြုနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ လမ်းကတော့ ဖွင့်ပေးထားတယ်၊ ဒီနေ့တော့ တိုက်ပွဲဖြစ်တာ မကြားသေးဘူး၊ အခုက အဲဒီလမ်းပိုင်း သွားဖို့ တောင် စဉ်းစားရတော့မယ်၊ သွားနေရင်း တိုက်ပွဲဖြစ်ချင်ရင် ဖြစ်နေတယ်လေ၊ အတော်လေးကို သတိထားရမယ်” ဟု ယာဉ်မောင်းက ပြောသည်။

လက်ရှိ ရေဖြူမြို့နယ်တလျှောက်ကို စစ်အုပ်စုက နယ်မြေစိုးမိုးမှု ပြန်လည်ရယူရန် ကြိုးစားနေပြီး တိုက်ပွဲအတွင်း ဒရုန်း၊ လက် နက်ကြီးအဓိက အသုံးပြုနေသလို သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေသည်ဟု တော်လှန်ရေး တပ်ဘက်က ပြောသည်။

ထို့အပြင် တိုက်ပွဲနှင့် စစ်အုပ်စု၏ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ များပြားလာသလို အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုများလည်း ပိုမိုလုပ်ဆောင်လာကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသည့်အဖွဲ့အစည်းများက ပြောသည်။

စာတည်း-ကိုဆန်း