ဒေါ်အောင်ဆန်းစုကြည်ကိုဆေးကုခွင့်မပေးခြင်းသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက် အန္တရာယ် ခြိမ်းခြောက်ခြင်းဟု NUGဆို

Photo - AFP

8 Sep 2025 By Ra Wai / MPA

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုထိရောက် သည့် ဆေးကုသခွင့်မပေးခြင်းသည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်လိုက်သည်။

စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်သော ဆေးကုသမှုမရရှိကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးမှုကြောင့် သိရှိရသည့်အတွက် NUGအစိုးရအနေဖြင့် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိကြောင်းဤကိစ္စအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးကို စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမည် ဖြစ်ကြောင်း NUGအစိုးရက ယနေ့(စက်တင်ဘာ ၈ရက်)ထုတ်ပြန်သည်။

“နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်ပြီး နိုင်ငံတကာအဆင့်ခေါင်းဆောင်လည်း ဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်ကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းထားသလဲဆိုတာတောင် ထုတ်မပြောဘူး။တခြား ဘယ်သူနဲ့မှလည်း တွေ့ခွင့်မရှိဘူး။ဒါဟာ စစ်ကော်မရှင်ရဲ့ အင်မတန်ရက်စက်ယုတ်မာပြီး ကြီးကျယ် တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပါပဲ။ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဖမ်းထားသလဲဆိုတာ ကိုတောင် ထုတ်မပြောရဲတဲ့ကောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါတယ်လို့ပြောတာ ဘယ်လိုမှ ယုံကြည်စရာမရှိဘူး”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စိုးရိမ်ဖွယ်ရာ နှလုံးရောဂါ ခံစားနေရပြီး လုံလောက်သည့် ဆေးကုသမှုမရရှိကြောင်း ဒေါ်အောင် ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်းက စက်တင်ဘာ၅ရက်၌ ရုပ်သံဖိုင် ထုတ်ပြန်ပြီးနောက် စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်းက ဒေါ် အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း ပြောကြားသည်။

ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာပြည်သူ၏ လိုလားချက်ဖြစ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက် စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားပေးမှုများ အဆောတလျင် ဆောင်ရွက်ကြရန် လေးနက်စွာတိုက်တွန်း ကြောင်းလည်း NUGအစိုးရက ထုတ်ပြန် သည်။

NLDပါတီ၊ဗဟိုအလုပ်ကော်မတီနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့က လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ပြန်ထား သည်။

စာတည်း-ML