ဗင်နီဇွဲလားနိုင်ငံအပေါ် နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် သမ္မတ ဒေါ်နယ်ထရန့်၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် အမေရိကန် အထက်လွှတ်တော်က ဇန်နဝါရီ ၈ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ရီပတ်ဘလစ်ကန်ပါတီက အများစုဖြစ်သော အထက်လွှတ်တော်တွင် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် အားလုံးနှင့် ရီပတ်ဘလစ်ကန်အမတ် ငါးဦးတို့က အဆိုပါ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အဆို (War Powers Resolution) ကို ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၇ မဲဖြင့် အတည်ပြုခဲ့ကြသည်။
အမေရိကန်လွှတ်တော်၏ ယခုဆုံးဖြတ်ချက်သည် အနောက်ကမ္ဘာခြမ်းတွင် သမ္မတ၏ နယ်ပယ်ချဲ့ထွင်လိုသော ရည်မှန်းချက်များအပေါ် မလိုလားကြောင်း ပြသလိုက်သည့် လက္ခဏာတစ်ရပ် ဖြစ်သည်။
သို့သော် ယင်းအဆိုသည် အောက်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့လျှင်ပင် ဥပဒေအဖြစ်သို့ ရောက်ရှိရန် သမ္မတ ထရန့်ကိုယ်တိုင် လက်မှတ်ရေးထိုးရန် လိုအပ်မည်ဖြစ်သည်။
သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အမေရိကန်စစ်တပ်က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအား ညအချိန်တွင် အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက်၊ ယခုမဲခွဲမှုသည် ရီပတ်ဘလစ်ကန် အချို့ကြားတွင်ပင် စိုးရိမ်မကင်းဖြစ်မှုများ ရှိနေကြောင်း ပြသချက်တစ်ခုဖြစ်သည်။
ထရန့်အစိုးရသည် ယခုအခါ ဗင်နီဇွဲလား၏ ရေနံအရင်းအမြစ်များနှင့် အစိုးရကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း၊ ယခု စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အဆိုအရ တောင်အမေရိကနိုင်ငံဖြစ်သော ဗင်နီဇွဲလားအပေါ် မည်သည့် ထပ်မံတိုက်ခိုက်မှုမျိုးကိုမဆို ပြုလုပ်လိုပါက လွှတ်တော်၏ အတည်ပြုချက် ရယူရန် လိုအပ်မည်ဖြစ်သည်။
ထို့ပြင် ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို စစ်အင်အားသုံး၍ ဖြစ်စေ၊ ဝယ်ယူ၍ ဖြစ်စေ သိမ်းပိုက်နိုင်ရေးအတွက် သမ္မတ ထရန့်နှင့် အစိုးရအရာရှိများအကြား ပြောဆိုမှုများ မြင့်တက်လာချိန်တွင် ယခုကဲ့သို့ မဲခွဲဆုံးဖြတ်မှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ဒီမိုကရက်များသည် ဗင်နီဇွဲလားအပေါ် ထရန့်၏ စစ်ဆင်ရေးများ မြင့်တက်လာသည့် လများအတွင်း ၎င်း၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ယခုအချိန်အထိ အားလုံးမှာ မအောင်မြင်ခဲ့ပေ။
မဲခွဲမှုအပြီးတွင် သမ္မတ ထရန့်က လူမှုကွန်ရက်ပေါ်၌ အဆိုပါ အထက်လွှတ်တော်အမတ်များသည် “နောက်တစ်ကြိမ် ရာထူးအတွက် အရွေးမခံရသင့်တော့သူများ” ဖြစ်ကြောင်း ရေးသားခဲ့သည်။
ယခုမဲခွဲမှုကို ဖိအားပေးတောင်းဆိုခဲ့သူ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် တင်မ်ကိန်းက “ဒီလို စစ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေအပေါ် လွှတ်တော်က ထိန်းချုပ်ခွင့်ရှိတယ်ဆိုတာကို အခိုင်အမာ ပြသရမယ့်အချိန် ရောက်ပါပြီ။ ပြီးတော့ ဒီကိစ္စတွေကို လျှို့ဝှက်ထားတာမျိုး မဟုတ်ဘဲ ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ရမယ့်အချိန်ပါ” ဟု ပြောကြားခဲ့သည်။
