စစ်ကော်မရှင် ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးခိုင်မာအောင် လုပ်ဆောင်သည့် မျက်နှာဖုံး တစ်ခုသာဖြစ်ပြီး လွတ်လပ်မျှတ၍ တရားဝင်သည့်ရွေးကောက်ပွဲမဟုတ်ဟု ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ဇန်နဝါရီ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားသလို နိုင်ငံတကာအနေနှင့် စစ် ကော်မရှင်ရွေးကောက်ပွဲကို ငြင်းပယ်ရန်လည်း တိုက်တွန်းထားသည်။
“ဘယ်လိုပဲ တိုင်းတာပါစေ၊ ဒါဟာ လွတ်လပ်မျှတပြီး တရားဝင်တဲ့ရွေးကောက်ပွဲမဟုတ်ဘူး။ နိုင်ငံ တကာကို ဖျားယောင်းဖို့ မြန်မာပြည်သူတွေကို ပြင်းပြင်းထန်ထန် ဖိအားပေးပြီးလုပ်တဲ့ ပြဇာတ်ပါ” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ကုလအဖွဲ့ဝင်နိုင်ငံများအနေနှင့် ရွေးကောက်ပွဲ အပိုင်း၂နှင့် ၃ ကို ဖျက်သိမ်းနိုင်ရေးအ တွက် စစ်ကော်မရှင်ခေါင်းဆောင်များကို ဖိအားပေးကြရန်လည်း ကုလလူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က တိုက်တွန်းသည်။
အတိုက်အခံပါတီများ ဖျက်သိမ်းခံထားရပြီး နိုင်ငံရေးအကျဉ်းသားများစွာလည်း ထောင်ထဲမှာ ရှိ နေကာ သတင်းသမားများကို နှုတ်ပိတ်ထားသည့် အခြေအနေမျိုးတွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်းလည်း ဆိုသည်။
“အခု ပထမပိုင်းမှာက ကြိုတင်မဲ ပြဿနာတက်နေပြီ။ပါတီတချို့က ရွေးကော်ကို တိုင်တော့ နောင်မဖြစ်အောင် လုပ်မယ်လို့ ပြောတာကျတော့ အပိုင်းတစ်မှာ ဗရမ်းဗတာလုပ်ထားသမျှကို ဘာမှ ပြန်မပြင်ပေးနိုင်ဘူးလို့ ရွေးကော်က ပြောလိုက်တဲ့သဘောပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်း ပါးရှင်တစ်ဦးက MPAသို့ပြောသည်။
ရွေးကောက်ပွဲအပိုင်းတစ်ကို ဒီဇင်ဘာ၂၈ရက်က မြို့နယ်ပေါင်း ၁၀၂မြို့၌ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၁၁ရက်တွင် အပိုင်း၂အဖြစ် မြို့နယ်၁၀၀နှင့် ဇန်နဝါရီ၂၅ရက်တွင် အပိုင်း၃အဖြစ် ၆၃မြို့နယ်၌ ပြုလုပ်မည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
