တောကျွဲအင်းမြို့ ပြန်လည်ရရှိရေး စစ်တပ်က စစ်ကူပို့နေ

ဓာတ်ပုံ - လူမှုကွန်ရက်

ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ကို ပြန်လည်ရရှိရန် စစ်တပ်က စစ်ကူပို့နေကြောင်း သိရသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်း(ခ)အောင်မြင်မြို့ကို ယနေ့(‌ဇန်နဝါရီ ၉ ရက်) နံနက်၂ နာရီ မိနစ်၅၀ခန့်တွင် PDF ပူးပေါင်းတပ်များက စတင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ် ဘက်က မြို့ပြန်လည်ရရှိရေးအတွက် လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကူများလည်း ပို့နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“စတာတော့ ၂:၅၀ လောက်ကပါ။ သိမ်းလိုက်နိုင်တာတော့ အတည်ပြုလို့ရပါတယ်။ စစ်တပ်က ရဲစခန်း၊ ဘူတာ ၊ ရထားလမ်းတွေမှာ တပ်စွဲထားတာပါ။လေကြောင်းတိုက်ခိုက်တာတော့ ရပ်သွားပါပြီ။ မြို့ပြန်ရအောင် စစ်ကူကတော့ ကျောက်တံခါးဘက်ကရော ကညွတ်ကွင်းဘက်ကပါ စစ်ကူပို့ပါတယ်။ မြို့ထဲက အခြေအနေတော့ မသိသေးဘူးဗျ”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPA သို့ပြောသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းကိုလည်း ပိတ်ထားဆဲဖြစ်ပြီး ကားများလည်း ပိတ်မိနေသေးကြောင်း ၎င်းက မွန်းလွဲ ၃ နာရီခန့်တွင် ပြောသည်။

ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင်လည်း နတ်တလင်း ၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်တို့မှ စစ်တပ်စခန်းများကို PDF ပူးပေါင်းတပ်များက တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားသည်။

တောကျွဲအင်းမြို့သည် ကျောက်တံခါးမြို့နှင့် ၁၀ မိုင်ကျော်ဝေးပြီး ကညွတ်ကွင်းမြို့နှင့် ၄ မိုင်ကျော်သာဝေးသည်။