ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက်ရှိ စစ်တပ်စခန်း ၁၄ခုကို PDFတပ်ဖွဲ့များက တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သား ၅၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီ ၉ရက်) နံနက် ၉နာရီခန့်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ (ခေါ်) အောင်မြင်မြို့၊ သာယာကုန်းမြို့၊ မီရထားလမ်းတံတားတွင် တပ်စွဲထားသည့် ကင်းစခန်းနှင့် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့် ကျွဲပွဲကြား စည်ပင်သာကျေးရွာ၌ တပ်စွဲထားသည့် ဂိတ်စခန်းတို့အပါအဝင် စစ်တပ်အထိုင်စခန်း ၁၄ခုကို စစ်တောင်မြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအဖြစ် တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။
” အဲ့မြို့နယ်တွေမှာရှိတဲ့ စစ်စခန်းတွေ အားလုံးကို ခြုံငုံပြီးပြောတာ။ ညောင်လေးပင်၊ ကျောက်တံခါး၊ တောကျွဲအင်းမြို့၊ ပြီးတော့ ဟိုဘက်က အုတ်တွင်းဘက် ညောင်ခြေထောက် အမြန်လမ်းဟောင်းတစ် လျှောက်လုံးကို ကျနော်တို့ တစ်ပြိုင်နက် စစ်ဆင်ရေးဖော်ဆောင်တာပေါ့နော်” ဟု ပဲခူးတိုင်းစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ပွဲအတွင်း တောကျွဲအင်း(ခေါ်) အောင်မြင်မြို့ကို ခေတ္တယာယီ ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကော် မရှင် ၏ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ ရှင်းလင်းခဲ့ကြောင်းသိရသည်။
ထို့ပြင် တောကျွဲအင်းမြို့ နယ်မြေရဲစခန်းတွင် စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားသည့် ပြည်သူ ၈ဦးကို လည်း စိစစ်၍ လွတ်ပေးခဲ့ကြောင်းသိရသည်။
” ကျနော်တို့ တိုက်တဲ့ စခန်းအားလုံးကို ရတယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ အဓိကပစ်မှတ်ဖြစ်တဲ့ အောင်မြေမြို့ပေါ့နော်။ တောကျွဲအင်းကတော့ တစ်မြို့လုံးကို ကျနော်တို့ မနက် ၃နာရီကနေ နေ့လယ် ၁၂နာရီလောက်ထိကို အေးအေးဆေးဆေးထိန်းချုပ်နိုင်တဲ့ အနေအထားရှိခဲ့ပါတယ်။ ၁၀၀ရာခိုင်နှုန်းအ ပြည့် အဝရရှိခဲ့ပါတယ်။ စစ်ဆင်ရေးရည်မှန်းချက်အရ ညွှန်ကြားတဲ့အတိုင်း လုပ်ရမယ့်လုပ်ငန်းစဉ်တွေ လုပ်ပြီးတဲ့အခါမှာတော့ ပြန်လည်ထွက်ခွာတာပေါ့” ဟု ၎င်းက ဆက်လက် ပြောသည်။
တိုက်ပွဲများအတွင်း စစ်တပ်ဘက်က လေကြောင်းပစ်ကူနှင့် မြေပြင်စစ်ကူများလည်း လာကြောင်းသိရ သည်။
” လေကြောင်းပစ်ကူလည်း လေးကြိမ်လောက်ပစ်ပါတယ်။ မြေပြင်စစ်ကြောင်းတွေလည်း လိုက်တာ ရှိပါတယ်။ တော်တော်လေးကို ကျနော်တို့ တိုက်ယူပြီးမှ အထဲကို ရောက်ရှိတာပါ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ပွဲများတွင် စစ်အုပ်စုဝင် အများအပြားလည်း ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ညောင်လေးပင်မြို့ နှင့် ပိန်းဇလုပ်မြို့ကြားရှိ ရန်ကုန် – မန္တလေးလမ်းဟောင်းတွင်လည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်း စစ်ဌာန နယ်မြေအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်တပ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်ခြင်းများ မပြုကြရန်နှင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြပါရန်လည်း ပဲခူးတိုင်းစစ်ဌာနက သတိပေးထားသည်။
ယင်းစစ်ဆင်ရေးများကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ၂၃ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၅၀၂တပ်ရင်း၊ ဗျူဟာ ၂၄ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ ၂၅ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၂တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ ၂၆ပူးပါင်းတပ်ဖွဲ့ နှင့် အုတ်တွင်းမြို့နယ်ပကဖနှင့် ဖြူးမြို့နယ်ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်အချို့ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားတွင် အထိုင်ချတပ်စွဲထားသည့် စစ်တပ်ဂိတ်စခန်းတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၉ က ပူးပေါင်းစစ်ဆင်ရေးအနေဖြင့် ပါဝင် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
