PDF စိုးမိုးထားသောရန်ကုန် – ပြည်ကားလမ်း အရှေ့ခြမ်းကျေးရွာများတွင် ရွေးကောက်ပွဲမလုပ်နိုင်

ဓာတ်ပုံ-ပဲခူးတိုင်း စစ်ဒေသ၊ ဗျူဟာ ၂၂
ပုံစာ- တိုက်ပွဲဝင် PDFရဲဘော်များ

ပဲခူးတိုင်းအတွင်းရှိ PDF တို့စိုးမိုးထားသော ရန်ကုန် – ပြည်ကားလမ်း အရှေ့ခြမ်းကျေးရွာများတွင် အတုအယောင်ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း သိရသည်။

ရန်ကုန် – ပြည်ကားလမ်းတလျှောက် မြို့နယ်များဖြစ်သည့် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြိုပင်ကောက်၊ ဇီးကုန်းနှင့်နတ်တလင်းမြို့နယ်တို့ရှိ ကားလမ်း‌ အရှေ့ခြမ်း ကျေးရွာများကို PDF များ စိုးမိုးထားကြောင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ တာဝန်ခံက MPA ကို ပြောသည်။

” ရန်ကုန် – ပြည်လမ်းကို မျက်လုံးထဲမှာ မြင်ကြည့်မယ်ဆိုရင် မိန်းလမ်းကြီးရဲ့ အရှေ့ခြမ်းကို ကျနော်တို့စိုးမိုးထားတာဖြစ်တယ်။ လမ်းရဲ့ အနောက်ခြမ်းမှာ သူတို့ ( စစ်တပ် ) ရှိတယ်။ ကျနော်တို့က လမ်းရဲ့အရှေ့ဘက်ခြမ်းက ရွာတွေအများကြီးကို စိုးမိုးထားတာဖြစ်တယ်။ အဲကဆက်သွားရင် ပဲခူးရိုးမပေါ့” ဟု ၎င်းက ပြောသည်။

ယင်းကားလမ်းတလျှောက်ရှိ မြို့နယ်များဖြစ်သည့် နတ်တလင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၂၂ အုပ်စု၊ လက်ပံတန်းမြို့နယ်တွင် ကျေးရွာအုပ်စု ၄ အုပ်စု၊ ပေါင်းတည်မြို့နယ်တွင် ကျေးရွာအုပ်စု ၁၃အုပ်စု၊ မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စု ၉အုပ်စု၊ အုတ်ဖိုမြို့နယ်တွင် ကျေးရွာ ၂၃ အုပ်စုနှင့် ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာအုပ်စု ၂၀ တို့၌ ရွေးကောက်ပွဲ မပြုလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီးယင်းကျေးရွာအုပ်စုများမှာ ရန်ကုန် – ပြည်ကားလမ်း အရှေ့ဘက်ခြမ်းရှိ ကျေးရွာများဖြစ်သည်။

” လက်ရှိမှာ စစ်တပ်ဘက်က ရန်ကုန် – ပြည်လမ်းပေါ်တွေမှာ အင်အားဖြည့်တင်းတာတွေ၊ လက်နက်ကြီး ဖြည့်တင်းတာတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မင်းလှ၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း။ ဒီမြို့နယ်တွေမှာ ပိုလုပ်ဆောင်နေပါတယ်။ ၈ရက်နေ့ ညပိုင်းမှာ ကြိုပင်ကောက်နဲ့ ဇီးကုန်းမှာ မြို့ သိမ်းခံရမှာစိုးလို့ဆိုပြီး မြို့ ဝင်တဲ့ လမ်းတွေကို စစ်တပ်က ဖျက်ဆီးလိုက်တာတွေလည်း ရှိပါတယ် ” ဟု ဗျူဟာ ၂၂ တာဝန်ခံကပြောသည်။

ဇန်နဝါရီ၁၁ရက်တွင် ရွေးကောက်ပွဲအပိုင်း၂အဖြစ် ပဲခူးတိုင်းအတွင်းရှိ ဒိုက်ဦး၊ရွှေကျင်၊ထန်းတပင်၊ ရေတာ ရှည်၊ဇီးကုန်း၊ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊မိုးညိုနှင့် မင်းလှမြို့နယ်တို့၌ ပြုလုပ် မည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၉ရက်တွင် ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတစ်လျှောက်ရှိ စစ်တပ်စခန်း ၁၄ခုကို PDFတပ်ဖွဲ့များက တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သား ၅၀ဦးထက်မနည်းသေဆုံးခဲ့ပြီး

ဇန်နဝါရီ ၇ရက်ကလည်း နတ်တလင်း၊ ဇီးကုန်းနှင့် မင်းလှမြို့နယ်များအတွင်းရှိ စစ်တပ်စခန်းများကို တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ခန့် သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။