မဲရုံ ကိုက် ၁၀၀ ပတ်လည်ရှိ လမ်းဘေးဈေးသည်များ ဈေးမရောင်းရန် ခြိမ်းခြောက်၊ ပထပိုင်းထက် မဲပေးသူ ပိုမိုနည်းပါး

ဓာတ်ပုံ - ပေးပို့

အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၂ ပြုလုပ်သည့် မြို့နယ်များ၏ မဲရုံ ကိုက် ၁၀၀ ပတ်လည်ရှိ လမ်းဘေးဈေး သည်များကို ဆိုင်မဖွင့်ရန် စစ်တပ်က ဖိအားပေးခြိမ်းခြောက်မှုများရှိနေကြောင်း ရန်ကုန်မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၌ ရွေးကောက်ပွဲအပိုင်း (၂)ကို ဗဟန်း၊ ပန်း ဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်း တပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြို့နယ်တို့တွင် မဲရုံပေါင်း ၁၁၇၁ ရုံဖွင့်ပြီး ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါမြို့နယ်များမှာ လုံခြုံရေး လှည့်ကင်းများ တောက်လျှောက် လှည့်ပတ်နေပြီး လမ်းဘေး အမှိုက်ပုံးများကို လည်း လမ်းအတွင်းသို့ ရွှေ့ပြောင်းထားကြောင်း မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

“တကယ့်တကယ့် မြေပြင်မှာ လူမရှိဘူး၊ ၁၉ လမ်း၊ ၁၈ လမ်း အကုန် မဲရုံစောင့်လောက်ပဲ လာပေးတဲ့သူက မရှိသ လောက်၊ အကုန်လုံး လမ်းဘေးဈေးသည်တွေကို မထွက်ဖို့ပေါ့၊ သံဈေး ဈေးရုံကြီးတောင် ခြောက်သွေ့နေ တာပဲ၊ မြေအောက်က သားငါးတန်းလည်း မနက်ကတည်းက ပိတ်ထားတယ်။ ဆိုက်ကားတွေလည်း ပေးမသွားဘူး၊ မထွက်ဖို့ အကုန်လုံးကို ဖိအားပေးထားပါတယ်၊ ဟိုက်ဂျက်နဲ့ လုံခြုံရေးတွေ လှည့်တာ အခုထိပဲ၊ အမှိုက်ပုံးတွေ ကအစ ဗုံးပစ်မှာကြောက်လို့ လမ်းသွယ်ထဲ အကုန်ရွှေ့လိုက်တာ”ဟု လသာမြို့နယ်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲ ပြုလုပ်နေချိန် ဖောက်ခွဲခံရမည်ကို စိုးရိမ်သည့်အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ရန်ကုန်မြို့သို့‌ ရောက်ရှိနေခြင်းကြောင့် မြို့တွင်း၌ လုံခြုံရေးတင်းကျပ်ထားကြောင့် မြို့ခံများက ဆိုသည်။

ယနေ့ ဇန်နဝါရီ ၁၁ ရက်၌ ပြုလုပ်နေသည့် ရွေးကောက်ပွဲ အပိုင်း ၂ သည် ပထမအပိုင်းတုန်းကထက် မဲလာပေးသူဦးရေ အလွန်နည်းပါးသည့်အပြင် နိုင်ငံတကာက သံအရာရှိများနှင့် သတင်းထောက်များ မဲရုံတချို့ကို လှည့်လည် ကြည့်ချိန် မဲပေးသူမရှိသည့်အတွက် ရပ်ကွက်နေသူများကို ခေါ်ထုတ်ကာ မဲရုံများတွင် မဲပေးသူများနေသယောင် ဖန်တီးလျက်ရှိကြောင်း ပန်းဘဲတန်းမြို့ရှိ မဲရုံများကို စောင့်ကြည့်နေသူတစ်ဦး ကပြောသည်။

“မဲပေးတဲ့သူက ပထမပိုင်းထက်သိသိသာသာနည်းတယ်။ သူ့လူသူလောက်ပဲလာတာ၊ ဖိလစ်ပိုင် သံအမတ်ကြီး က မဲရုံ သုံးလေးရုံ လာကြည့်တယ်၊ ပြီးတော့ နိုင်ငံခြား သတင်းထောက် တစ်ယောက်စ နှစ်ယောက်စ ရှိတယ်ပေါ့၊ အဲ့လိုသူတို့လာကာမှာ လူတွေကို ဟိုနားက ဆွဲခေါ်၊ ဒီနားက ဆွဲခေါ်လာနဲ့ အဲ့ဒါမျိုးတွေလည်း ဖြစ်တယ် ၊ပန်းဘဲ တန်းထဲမှာပေါ့ အဲ့ဒီလိုအခြေအနေတွေပါ” ဟု ပန်းဘဲတန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို့ပြင် အချို့မြို့နယ်များ၌ မဲပေးစက်များ ချို့ယွင်းမှုကြောင့် မဲလာပေးသူများ စောင့်ဆိုင်းခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး မဲစာရင်း မှားယွင်းမှုများလည်း ဖြစ်ပွားခဲ့ကြောင်း ပြည်သူများထံမှ သိရသည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အင်းစိန် အောင်ဆန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက” မဲပေးမယ်ဆိုကာမှာ စက် ကြီးက ပျက်သွားလို့ ပြန်တဲ့သူကပြန် စောင့်တဲ့သူကစောင့်ပေါ့။ ပေးတဲ့သူက နည်းပါးတယ်၊ တစ်ခုခုဖြစ်မှာ စိုး ပြီးကြောက်တဲ့သူလောက်သာပေါ့၊ ဒီကြားထဲ မဲစာရင်းမှာ နာမည်က မပါလာလို့၊ အချက်အလက်တွေမှားလို့ ဆိုပြီး ပြသနာတွေက တက်ကြသေးတာ၊ ဒီဘက်မှာ‌တော့ မဖြစ်မနေလာပေးဖို့ အတင်းခြိမ်းခြောက်တာမျိုးတော့မရှိပါဘူး၊ သူများရပ်ကွက်တွေတော့ မသိဘူးပေါ့နော်” ဟု ဆိုသည်။

မဲရုံစောင့် တာဝန်ကျသူတစ်ဦးကလည်း ရွေးကောက်ပွဲမကျင်းပခင်ကတည်းက စက်များ ချို့ယွင်းမှုမဖြစ်စေရန်နှင့် ဖြစ်ပေါ်ခဲ့ပါက ကြိုတင်ပြင်ဆင်နိုင်ရန်ဆိုကာ အရန်စက်များ ထားရှိပေးထားကြောင်း ထို့ကြောင့် မဲပေးရန် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရမည်မဟုတ်ကြောင်း ပြောသည်။

ရန်ကုန်၌ ပြုလုပ်နေသည့် အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၂ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိလိုက်လံစစ်ဆေးနေပြီး ကနဦး သတင်းများအရ လှိုင်၊ အင်းစိန်၊ လသာ မြို့နယ်များရှိ မဲရုံများကို သွားရောက်ခဲ့ကြောင်း မြေပြင် သတင်းများအရ သိရသည်။