စစ်ကိုင်းတိုင်း၊ဘုတလင်မြို့တွင်း ဖြတ်သန်းလာသော ကားများပေါ်မှ ယာဉ်မောင်းများကို စစ်သားများက ဆွဲချပြီး ပါးရိုက်ကာ မဲပေးခိုင်းနေကြောင်း သိရသည်။
ယနေ့(ဇန်နဝါရီ၁၁ရက်)တွင် ဘုတလင်မြို့ပေါ်၌ တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်လျက်ရှိပြီး မုံရွာ-ရေဦးလမ်းမပေါ်ရှိ ကြံ့ဖွံ့ရုံးရှေ့က ဖြတ်သွားသောလူများကိုလည်း မဲပေးလျှင် ဆီပေးမည်ဟုဆိုကာ မဲပေးခိုင်းနေသည်ဟု သတင်းရရှိထားကြောင်း ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊နာယက ဒေါက်တာဇေလင်းမောင်(SFUH)ထံက သိရသည်။
“ရွာတွေ၊ ရပ်ကွက်တွေကနေ မဲသွားပေးသူတော့ မရှိဘူး”ဟု ၎င်းက MPAသို့ပြောသည်။
ဘုတလင်မြို့ခံပြည်သူများမှာ စစ်တပ်၏ သတ်ဖြတ်မှုများနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသွား ကြရာ လက်ရှိတွင် လှည်း၊နွား ကျန်နေသူများနှင့် ပြောင်းစရာနေရာမရှိသည့် အိမ်ထောင်စု ၃၀ကျော် သာ မြို့တွင်း၌ ကျန်တော့ကြောင်း သိရသည်။
ယနေ့တွင် ဒီပဲယင်းနှင့် စိုင်ပြင်ဘက်မှ မုံရွာသို့သွားရန် ဘုတလင်မြို့ပေါ် ဖြတ်သန်းလာသည့် ကုန်ကား အနည်းငယ်ရှိကြောင်း သိရသည်။
“နယ်ဘက်က ကားတွေပါ။ခရီးသည်မပါဘူး။ကုန်ကားတွေဗျ”ဟု ဒေါက်တာဇေလင်းမောင်(SFUH) က ဆက်လက်ပြောသည်။
ဇန်နဝါရီတစ်ရက်က ပြည်သူများမရှိတော့သည့် ဘုတလင်မြို့ပေါ်တွင် တရားမဝင်ရွေးကောက်ပွဲပြု လုပ်ရန် မုံရွာအနောက်မြောက်တိုင်းစစဌာနချုပ်မှလာသည့် စစ်ကြောင်းနှင့်အတူ လူနှင့် ရွေးကောက် ပွဲဆိုင်ရာပစ္စည်းများ တင်ဆောင်လာခဲ့ကြောင်း သိရသည်။
၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ ဘုတလင်မြို့နယ်တွင် ကျေးရွာအုပ်စု ၅၄ခုရှိပြီး ယင်း၅၄ခုစလုံး၌ ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ဘုတလင်မြို့ပေါ်တွင် စစ်အုပ်စုဝင် အင်အား ၂၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။
